မွန်ပြည်နယ်၊ ရေးခရိုင်အတွင်း လာမည့်ဝါကျွတ်ကာလတွင် နှစ်စဥ်ပုံမှန်ကျင်းပမြဲဖြစ်သည့်ပွဲတော်များကို စည်ကားသိုက်မြိုက်စွာကျင်းပရန် စစ်ကောင်စီက ပြောဆိုထားကြောင်း သိရသည်။
မာရှယ်လောအထုတ်ခံထားရသော ရေးခရိုင်အတွင်း သတ်မှတ်အချိန် (ည ၆ နာရီမှ နံနက် ၆ နာရီ)မှအပ ကျင်းပနိုင်သည့်ပွဲတော်များကို စစ်ကောင်စီဘက်မှ လုံခြုံရေးအပြည့်အဝပေးမည်ဖြ့စ်၍ ပွဲတော်များစည်ကားစွာကျင်းပကြရန် မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဂေါပကအဖွဲ့များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီသီတင်းကျွတ်တာနဲ့ အစဉ်အလာကြီးတဲ့ ၁၂၆ ကြိမ်မြောက် ရေးမြို့လုံးကျွတ် ဆွမ်းကြီးလောင်းပွဲကို စည်စည်ကားကားနဲ့ ကျင်းပဖို့ပြောတယ်၊ လုံခြုံရေးတာဝန်ယူပေးမယ်၊ လုပ်လို့ရတာ လုပ်ပေးမယ်လို့ပြောတယ်၊ လအလိုက်ပြုလုပ်တဲ့ပွဲတွေကိုလည်း လုပ်ဖို့ညွှန်ကြားခဲ့တယ် ” ဟု ရေးမြို့နေ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။
ရေးမြို့အခြေစိုက် စကခ(၁၉)မှ စစ်နယ်မြေမှူးနှင့် တာဝန်ရှိသူများသည် အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေးနှင့် ပရဟိတအသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြို့နယ်အတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းအသီးသီးတို့ကို အပတ်စဉ်တွေ့ဆုံပြီး အစီရင်ခံတောင်းခံခြင်း၊ လုပ်ငန်းအလိုက် လူဦးရေနှင့် အချက်အလက် တောင်းခံခြင်းများ ဆောင်ရွက်နေသည်။
“လုပ်ငန်းရှင်တွေနဲ့ အရပ်ဘက်အဖွဲ့တွေကို စည်းရုံးရေးဆင်းတဲ့သဘောလို့မြင်တယ်၊ ဒုတပ်မမှူးပဲ တွေ့ရတယ်၊ တပ်မမှူးတော့ မပါဘူး၊ မြို့ကိုလည်း ဘာမှမဖြစ်သလို အေးချမ်းပြီး စည်ကားစေချင်တဲ့ သဘောလို့ ပြောတယ်၊ ပွဲတော်တွေလုပ်ရင် သူတို့က ပါပါလာတော့ လုံခြုံရေးတွေနဲ့တော့ သူတို့ရှိနေရင် တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်။ လုပ်ငန်းတိုင်းရဲ့အချက်အလက်နဲ့ လူတွေရဲ့အချက်အလက်တွေတော့ ပြုစုပြီး သူတို့ကို တင်ပြပေးရတယ်၊ စာရင်းယူကြပ်မတ်တဲ့သဘောလို့မြင်တယ်၊ အရပ်ဘက်နဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ သူတို့လိုအပ်လာရင် လိုအပ်သလို ပံ့ပိုးပေးဖို့အနေအထားမျိုးသဘောလည်း ဆောင်တယ် ” ဟု ရေးမြို့နေ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
သို့ရာတွင် စစ်တပ်လိုလားသည့် တယ်လီဂရမ်ချန်နယ်များက ဝါကျွတ်ကာလတွင် မွန်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများဖော်ဆောင် လာနိုင်၍ သတိထားကြရန်လှုံ့ဆော်ထားပြီး စစ်ကောင်စီတာဝန်ရှိသူများက မြို့သိမ်းတိုက်ပွဲများဖော်ဆောင်လာပါက မြို့ရွာများနှင့်အရပ်သားများသာ ထိခိုက်သွားနိုင်ကြောင်း အရပ်ဘက်တာဝန်ရှိသူများကို ပြောဆိုထားသည်။
Picture; ရေးမြို့ဆွမ်းကြီးလောင်းပွဲ