မြန်မာ့ငွေကြေးစျေးကွက်တွင် ဒေါ်လာဈေးတက်လိုသည့်အုပ်စုက နိုင်ငံခြားရောက်နေသူတွေ ဖြစ်ကြပြီး ဒေါ်လာစျေးကျလိုသူများမှာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို လူးလှိမ့်အောင်ခံနေရသည့် ပြည်တွင်းရှိ ပြည်သူများနှင့် ဝန်ထမ်းများ ဖြစ်နေကြသည်။
မြန်မာနိုင်ငံ၏ ငွေကြေးစျေးကွက်မတည်ငြိမ်မှုဖြစ်စေရန် အဓိက မွှေနှောက်ကစားနိုင်သူမှာ နိုင်ငံခြားငွေကြေး ဒေါ်လာအင်အားတောင့်တင်းသည့် အင်အားစုများဖြစ်ကြသည် သုံးသပ်ပြောဆိုရမှာဖြစ်သည်။
ယင်းအင်အားစုသည် ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်ပင်ဖြစ်သော်လည်း မည်သူမည်သည့်အဖွဲ့အစည်း ဆိုသည်ကို တပ်အပ်ပြောဆိုနိုင်မည့် အထောက်အထား မရှိပေ။
နောက်ပိုင်းတွင် ပညာရှင်အချို့က နိုင်ငံတော်၏ နိုင်ငံခြားဒေါ်လာငွေများကို စိတ်ကြိုက်မွှေနှောက်ကစားနိုင်သူမှာ စစ်ကောင်စီနှင့် လက်ဝေခံ စီးပွားရေးလုပ်ငန်းရှင် အပေါင်းအပါများ ဖြစ်နေကြသလို ဒေါ်လာငွေအမြောက်အများကို လက်ဝယ်ကိုင်ဆောင်ထားသော စစ်ကောင်စီအနေဖြင့် တခြားလူပုဂ္ဂိုလ်၊ အင်အားစုများထက် အဆပေါင်းများစွာ စျေးပိုကစားနိုင်လိမ့်မည် ဆိုသည့်အချက်ကို စောင့်ကြည့် လေ့လာသူအချို့က ရှာဖွေတွေ့ရှိလာသည်။
ပြင်ပဒေါ်လာငွေကြေး ရောင်းဝယ်နေသူတစ်ဦးက “ကျနော်တို့လို ဝယ်ရောင်းသမားတွေအဖို့ ငွေအတက်အကျမှာ အစွန်းအဟလေး နည်းနည်းကွာတဲ့အပေါ်မှာဘဲ အမြတ်အစွန်းရနေတာဖြစ်တယ်၊ စစ်ကောင်စီတွေ ဒါမှမဟုတ် သူတို့လက်ဝေခံတွေ အုပ်စုတွေအနေနဲ့ သူတို့ခွင့်ပြုချက်ပေးထားတဲ့ခေါင်းစဥ်နဲ့ သတ်မှတ်ပေးတဲ့ဘဏ်တွေမှာ အစိုးရငွေလဲနှုန်း ပေါက်စျေးအတိုင်း ဒေါ်လာလဲလှယ်ပြီး ကျနော်တို့ဆီကို ပြင်ပပေါက်စျေးနဲ့ ဒေါ်လာအရွက်တွေ လာပြန်ရောင်းရုံနဲ့ပင် အမြတ်ရနေပြီလေ” ဟု ဆိုသည်။
ယခင်မဆလခေတ်လက်ထက် အစိုးရဘီအိုစီမှာ ဓါတ်ဆီထုတ်ယူပြီး အပြင်မှာရောင်းစားကြသည့် အဖြစ်အပျက်များက အလွယ်ကူဆုံး ဥပမာတခုပင် ဖြစ်ပေလိမ့်မည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာမှ ယခုအခါ တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာခဲ့သလို ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းသည် တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ ကျပ်နီးပါး အထိကျဆင်းလာသည်ကို တွေ့ရသည်။
ထို့ပြင် စစ်ကောင်စီ ဗဟိုဘဏ်မှ ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ နှစ်လအတွင်း စုစုပေါင်း ဒေါ်လာရောင်းချပေးသည်မှာ ဒေါ်လာသန်း ၃၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။
စစ်တပ်က အာဏာမသိမ်းခင်မှာ အမေရိကန်တစ်ဒေါ်လာ ၁,၃၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာက အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း လေးဆခန့် မြင့်တက်ခဲ့ပြီး အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်လာတာကို ပြည်တွင်းရှိ နိုင်ငံသားအားလုံးက နေ့စဥ်နှင့်အမျှ ခါးသီးစွာ ခံစားနေရဆဲဖြစ်သည်။
နိုင်ငံခြားငွေ ဒေါ်လာဈေးကွက်အပေါ် ဝင်ရောက်မွှေနှောက်နိုင်ရန်မှာ ငွေကြေးအင်အား ရှိသူများသာ လုပ်ဆောင်နိုင်မှာဖြစ်သည့်အတွက် ၄င်းအင်အားစုမှာလည်း စစ်ကောင်စီနှင့် လက်ဝေခံများသာ ဖြစ်နေကြပြီး ယခုကဲ့သို့ ငွေကြေး မတည်မငြိမ်မှုတွင် အဓိက အကျိုးအမြတ်ရသူမှာ ၎င်းတို့သာဖြစ်နေကြောင်း စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
သူက “ငွေထုတ်ကြီးကြီးပိုက်ထားသူက အကျိုးအမြတ် ရသွားတာပဲ။ မြေတွေတုန်းကလည်း အဲဒီလိုပဲလေ။ ဆွဲတင်ဆွဲတင် ရသလောက်ဆွဲတင်တယ်။ ဟိုးအပေါ်ဆုံး ရောက် တော့မှ ပြန်ပြီးတော့ လွှတ်ချလိုက်တယ်။ ဘယ်သူတွေ အကျိုးအမြတ်ရလဲဆိုတော့ မျက်စိကြီးကြီး နားကြီးကြီးနဲ့ ဈေးကွက်ထဲကို ဝင်ပြီးမွှေနိုင်တဲ့သူတွေ၊ ပြီးတော့ အဲဒီလို မွှေနိုင်ဖို့အတွက် ငွေကြေးအင်အားရှိတဲ့သူတွေ သူတို့ အကျိုးအမြတ် ရသွားတယ်ပဲ ပြောရမှာပေါ့။ ဗဟိုဘဏ်လိုဟာမျိုးက သူလိုချင်တဲ့ဈေးနဲ့ ထားချင်တဲ့ Level မှာ ဈေးသတ်မှတ်ပြီးတော့ သူထုတ်ရောင်း ပေးလိုက်ရင် ငြိမ်သွားမှာပဲ။ အလားတူပဲ ဗဟိုဘဏ်က အရန်ရွှေတွေ ရှိတယ်။ ရွှေဈေးတအား တက်တယ် ထုတ်ရောင်းပေးလိုက် အဲဒါဆို ငြိမ်သွားမှာပဲ” ဟု ဆိုသည်။
ဗဟိုဘဏ်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးကို ဒေါ်လာ ထုတ်ရောင်းပေးခြင်း မဟုတ်သည့်အတွက် အချို့စီးပွားရေးလုပ်ငန်းရှင်များမှာ ဒေါ်လာအား ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူရသလို လက်ရှိမှာ ပြည်ပ ထွက်ခွာသူများသဖြင့် ဒေါ်လာလိုအပ်ချက်က ပိုမိုများပြားလာသည်ကို ထောက်ပြကြသည်။
ယင်းကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များ အားလုံးကို ဒေါ်လာ ထုတ်ရောင်းပေးသည့်နေရာတွင် ပါမစ်ချပေးခွင့်ရှိသူများနှင့် ပါမစ်ရနေသူများအဖို့ ထီပေါက်ကိန်းပင် ဖြစ်တော့လေသတည်း။
(ပြီး)
Photo-ဒေါ်လာငွေ