လက်ရှိစစ်ကောင်စီလက်ထက် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၌ ငါးဖမ်းရေယာဉ်များနှင့် ငါးသယ်ရေယာဉ်များအား သဘာဝဘေးအန္တရာယ်နှင့် တရားမဝင်ဖမ်းဆီး/ သယ်ဆောင်ရောင်းဝယ်မှု မရှိစေရေးအတွက် ကမ်းဝေး ငါးဖမ်းရေယာဉ်များတွင် Vessel Monitoring System(VMS) တပ်ဆင်ထားသော်လည်း ဒေသအာဏာပိုင်များနှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်းအပေးအယူပြုလုပ်နေကြကာ အကျင့်ပျက်ခြစားမှုလည်း အကြီးအကျယ်ဖြစ်ပေါ်နေကြောင်း လုပ်ငန်းရှင်အချို့နှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
အဆိုပါ VMS အချက်ပြစနစ် တပ်ဆင်ထားသော ငါးဖမ်းရေယာဉ်နှင့် ငါးသယ်ယာဉ်များ သွားလာမှုကို မွန်၊ တနင်္သာရီ၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်တို့ရှိ ငါးလုပ်ငန်း ဦးစီးဌာနတို့မှ အထိုင်စက်များက စောင့်ကြည့်နေသလို နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ အဆိုပါ ထိန်းချုပ်မှု ၅ နေရာအား ထပ်ဆင့်စောင့်ကြည့်သော Control Center အဖြစ် ထိန်းချုပ်စောင့်ကြည့်လျက်နေသော်လည်း အောက်ခြေတွင် တရားမဝင်ငါးဖမ်းခြင်းကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“ခေတ်မီ VMS အချက်ပြစနစ် တပ်ဆင်ထားပေမယ့် တရားမဝင်ငါးခိုးဖမ်းတဲ့ဟာက ဆက်ပြီးတော့ ရှိနေပါတယ်၊ ကျနော်တို့လို တရားဝင်လုပ်ကိုင်နေသူတွေကတော့ အရမ်းနစ်နာပါတယ်၊ စစ်အာဏာသိမ်းပြီး အခုနှစ်ပိုင်းတွေမှာတော့ ပိုများလာတယ်၊ အဓိကကတော့ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစားပြီးတော့ မျက်စိမှိတ်ပေးထားတာပေါ့၊ ငါးလုပ်ငန်းဌာနနဲ့ ရေတပ်ကို ပေးရကမ်းရတာပေါ့၊ အခုအာဏာသိမ်းစစ်အစိုးရ လက်ထက်မှာ ပိုပြီးတော့ အလုပ်ဖြစ်လာကြတယ်”
ငါးဖမ်းလုပ်ငန်းများအနေဖြင့် ကျွမ်းကျင်လုပ်သားရှားပါးမှုအပြင် လောင်စာဆီ၊ စက်ပစ္စည်းကုန်ကျစရိတ် ကြီးမားလာမှု ပိုမိုများပြားလာပြီး လုံခြုံရေးအခြေအနေအရ ရေထွက်ပစ္စည်းတင်ပို့မှုအခက်အခဲများ ရင်ဆိုင်လာရသည့်အပြင် ယခင်ကထက် အရေးယူဆောင်ရွက်မှု နည်းပါးလာခြင်းကြောင့် တရားဝင်ရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်နေ ရေလုပ်ငန်းရှင်တစ်ဦးက “ပွင့်ပွင့်လင်းလင်ပြောရင် အရပ်သားအစိုးရလက်ထက်က တစ်ခုခုဆို ငဲ့ညှာမှုများနေရတာနဲ့ အဆင်မပြေဘူး၊ ခုခေတ်က စစ်အစိုးရခေတ်ဖြစ်လို့ လိုအပ်လို့ ရေထွက်ကုန်တွေတောင်းရင်လည်း သင့်တော်တဲ့ ဈေးနဲ့ပေးနေ၊ ပံ့ပိုးရတာအချို့လည်းရှိနေကြတယ်၊ လက်ရှိအစိုးရက တရားမဝင်မှုတွေကို စစ်အမိန့်အာဏာနဲ့လုပ်လို့ရပေမယ့် ပြတ်ပြတ်သားသားမလုပ်ကြဘူး၊ ဒီတော့ တရားဝင်လုပ်ငန်းလုပ်ကိုင်သူတွေက ကြပ်တယ်၊ အစစနစ်နာတယ် ” ဟု ပြောကြားသည်။
ထို့ပြင် စစ်ကောင်စီလက်ထက်တွင် ကျားဖောင်လုပ်ငန်းများနှင့်ပတ်သက်၍ အကျင့်ပျက်ခြစားမှုများအပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ယခင်ကထက် ပိုမိုဖြစ်ပေါ်ခဲ့သော်လည်း သတင်းဌာနများအနေဖြင့် ယခင်အစိုးရလက်ထက်မှာကဲ့သို့ သတင်းရယူနိုင်ခြင်းမရှိပေ။
မွန်ပြည်နယ်အတွင်း ကမ်းနီးကမ်းဝေး ငါးဖမ်းလှေပေါင်း ၅၀၀ ကျော်ရှိပြီး နှစ်စဉ်ရေလုပ်ငန်းမှ ငါးတန်ချိန် သိန်းချီ ထွက်ရှိကာ ထွက်ရှိလာသည့် ရေထွက်ပစ္စည်းများကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေသည်။
Photo-ပင်လယ်ပြင်ငါးဖမ်းလှေ