မွန်ပြည်နယ်အတွင်း ယမန်နေ့ အောက်တိုဘာလ (၁) ရက်နေ့မှစတင်ကာ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း စတင်ကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာ များ၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၃၆၇၅ ကွက်ရှိပြီး လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် ၁၂၀၂ ဦးတို့ဖြင့် လိုက်လံဆောင်ရွက်သွားမည် ဖြစ်သည်။
ယမန်နေ့နံနက်ပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းအား လုံခြုံရေးအင်အားအများအပြားဖြင့် ကောက်ယူသွားကြောင်း သထုံမြို့ခံတစ်ဦးက ပြောကြားသည်။
“ဒီနေ့မှာလည်း လိပ်အင်းရပ်ကွက်ဘက်မှာ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်နေတာတွေ့ရတယ်။ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့မှာက လဝက ပါတယ်။ သူတို့သင်တန်းပေးထားတဲ့ ကျောင်းဆရာမတွေပါတယ်။ နောက်ပြီး သက်ဆိုင်ရာရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေပါတယ်။ အဲ့ဒီအပြင်ကို လုံခြုံရေးအနေနဲ့ ပျူစောထီးတွေ အများအပြားလိုက်ပါတာမျိုးတွေ့ရတယ်။ ဒါပေမယ့် သေနတ်တွေတော့ ကိုင်ထားတာမျိုး မတွေ့ရဘူး။ ပြောက်ကျားဝတ်စုံတွေကိုတော့ ဝတ်ထားတာမျိုးတွေ့ရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အလားတူ ကျိုက်ထိုမြို့ပေါ်ရပ်ကွက်များ၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်များနှင့် ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်မြို့၊ ကျွဲခြံကျေးရွာ၊ နတ်ကြီးချောင်ကျေးရွာ အစရှိသည့်ကျေးရွာများအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းများကောက်ယူခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အတူ မော်လမြိုင်မြို့နှင့် မုဒုံမြို့ပေါ်ရပ်ကွက်များ၊ ချောင်းဆုံမြို့ပေါ်ရပ်ကွက်များနှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများ၊ သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များနှင့် ကျိုက္ခမြို့၊ ကျိုက်မရောမြို့ပေါ်ရပ်ကွက်များအတွင်း ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းများ ကောက်ယူမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့မနက်ပိုင်းမှာ ကျိုက်မရောမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရှင်စောပုရပ်ကွက်တို့၊ ရန်ကြီးအောင်၊ ရန်မျိုးအောင်အစရှိသည့်ရပ်ကွက်များအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူမှုများလုပ်ဆောင်သွားကြောင်း ကျိုက်မရောမြို့ခံတစ်ဦးက ပြောကြားသည်။
“သန်းခေါင်စာရင်းကောက်ယူတဲ့ခါမှာ အချက်ပေါင်း (၆၂) ချက်လောက်ပါတဲ့ မေးခွန်းတွေကိုဖြေရတယ်။ သူတို့ (လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ခံသည့်သူများ) မှာက အချက်အလက်တွေ ထည့်သွင်းထားပြီးဖြစ်တဲ့ Tablet တွေပါလာတယ်။ ကိုယ်ပြောတာနဲ့ သူတို့ထည့်သွင်းထားတဲ့အချက်အလက်တွေ ကိုက်မကိုက် စီစစ်တဲ့သဘောမျိုးတွေ့ရတယ်” ဟု ကျိုက်မရောမြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။ ထိုသို့ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းလိုက်လံကောက်ယူရာတွင် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အပြင် ပျူစောထီးအဖွဲ့ဝင်များလည်း လုံခြုံရေးယူပေးနေသည်ကိုတွေ့ရကြောင်းလည်း ၎င်းကဆိုသည်။
ထို့အပြင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ရေးမြို့အနီးဝန်းကျင်ရှိကျေးရွာများအတွင်း ယမန်နေ့နံနက်ပိုင်းအချိန်က လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းများကောက်ယူမှုလုပ်ဆောင်ခဲ့သည့်အပြင် ယနေ့နံနက်ပိုင်းတွင်လည်း လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူမှုများလုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း ရေးမြို့ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
သို့ရာတွင် မွန်ပြည်နယ်၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းပြည့်ကောက်ယူနိုင်မည်မဟုတ်ဘဲ ၇၀ ရာခိုင်နှုန်းကျော်သာ ကောက်ယူနိုင်မည်ဖြစ်ကြောင်း စာရင်းကောက်သင်တန်းဆင်းပွဲမှ သိရသည်။
ပုံစာ – လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း ကောက်ယူနေသည်ကိုတွေ့ရစဉ်။