မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီထံမှ လွတ်လပ်ရေးမရမီကပင် အာဏာရ ဖဆပလပါတီ လက်ထက်မှစတင်ပြီး တိုင်းရင်းသား လူမျိုးစုများ၏ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဘာသာစကား နှင့် ဘာသာရေးရာများကို နှိမ့်ချဖိနှိပ်ခြင်းများသာမက Burmanization ဆိုသည့် ဗမာမှုပြုခြင်းဖြင့် Burma Government ဗမာအစိုးရ အဆက်ဆက်တို့က လူမျိုးကြီးမူဝါဒကို တလျှောက်လုံး ကျင့်သုံးလာခဲ့ကြသည်။
သက်သေအချက်အလက်အားဖြင့် ကြည့်မည်ဆိုပါက ဖဆပလအစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲခဲ့သော ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ လည်းကောင်း၊ ၁၉၆၂ ခုနှစ် အာဏာသိမ်း တော်လှန်ရေးကောင်စီ စစ်အစိုးရ၏ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ လည်းကောင်း၊ ၁၉၈၈ ခုနှစ် အာဏာသိမ်း နဝတ/နအဖ စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာလည်းကောင်း ထိုလူမျိုးကြီးဝါဒ၏ သရုပ်လက္ခဏာများကို အတိအလင်း မြင်တွေ့ခဲ့ရသည်။
ထို Burmanization ဗမာမှုပြုသည့် လူမျိုးကြီးဝါဒသည် ၁၉၄၇ ပင်လုံသဘောတူညီချက်ကို လစ်လျူပြုကာ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မတည်ဆောက်ခဲ့သောကြောင့် ယင်းအကျိုးဆက်အနိဌာရုံများကို လက်ရှိတွင် တစ်နိုင်ငံလုံးက ခါးသီးစွာခံစားနေကြရသည်။
အထက်ပါ လူမျိုးကြီးဝါဒနှင့်အပြိုင် အခြားအစွန်းတဖက်မှာလည်း တိုင်းရင်းသားတို့အား ကျဥ်းမြောင်းသော လူမျိုးရေးဝါဒကို ဖြစ်ပေါ်စေခဲ့ပြန်သဖြင့် အတောမသတ်နိုင်သော ပြည်တွင်းစစ်သံသရာနှင့်အတူ နိုင်ငံရေးအဖြေရှာ၍ မထွက်နိုင်ဘဲ ကမ္ဘာ့အလယ်၌ ဆင်းရဲသားကျောမွဲနိုင်ငံအဖြစ် ကျန်ရစ်နေတော့သည်။
ယခုတဖန် ၂၀၂၁ အာဏာသိမ်း နစကစစ်အစိုးရအနေဖြင့် ၂၀၂၄ သန်းခေါင်စာရင်းကောက်ခံရာတွင် “လူမျိုး” မေးခွန်းမေးရမည့်အစား “အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား” မေးခွန်းဖြင့် အစားထိုးခဲ့သည်မှာ တိုင်းရင်းသားအားလုံးကို Burmanization ပြုလိုခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ယနေ့ အောက်တိုဘာ (၁) ရက်မှ စတင်ကောက်ခံသွားမည့် ၂၀၂၄ သန်းခေါင်စာရင်းသည် လူမျိုးရေး၊ နိုင်ငံရေး အရောင်အသွေးခြယ်သထားသော တိုင်းရင်းသားလူမျိုးများအား ဗမာမှုပြုကာ ဝါးမြိုနေခြင်းသာ ဦးတည်ဆောင်ရွက်နေသည်ကို ကောင်းဝါမှ လေ့လာသုံးသပ်မိပါကြောင်း။
ကောင်းဝါအယ်ဒီတာအဖွဲ့
Photo-၂၀၂၄ သန်းခေါင်းစာရင်း အိမ်ထောင်စုမေးခွန်းပုံစံ (Copy)