မွန်ပြည်နယ်၌ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၁) ဦးသေဆုံးခဲ့ကြောင်း ကောင်းဝါမှ ရရှိထားသည့် သတင်းများအရ သိရသည်။
ထိုလုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများမှာ စက်တင်ဘာလ (၄) ရက်နေ့ ည (၈) နာရီအချိန်ခန့်က မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ ပြည်သူ့စစ်ခေါင်းဖြစ်သူ ဦးအောင်မင်းနိုင် နှင့် ၎င်း၏သားဖြစ်သူ မောင်သူရအောင် တို့နှစ်ဦးမှာ ၎င်းတို့နေအိမ်အတွင်းရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်သွားသည့်အတွက် သေဆုံးခဲ့ရသည်။
ထို့အတူ စက်တင်ဘာလ (၁၈) ရက်နေ့ နံနက်စောစောပိုင်းကလည်း မုဒုံမြို့နယ် စိန်တောင်ကျေးရွာနေ နိုင်ကျော်နိုင် (ခ) အပစ် ဆိုသူမှာ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက် ကမာဝက်ချောင်းဘေးရှိ လယ်စောင့်တဲတွင် ၎င်း၏မိသားစုဝင်နှစ်ဦးနှင့်အတူ အိပ်နေစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“နိုင်ကျော်နိုင် (ခ) အပစ်က ကမာဝက်မှာ သတင်းပေးလုပ်နေသူပါ။ သူ့ကြောင့် အဖမ်းဆီးခံခဲ့ရသူတဲ့လူငယ်တွေအများကြီးရှိခဲ့တယ်။ အဲ့ဒီအပြင်ကို စစ်မှုထမ်းဖို့ကိုလည်း ဦးဆောင်ပြီးလုပ်နေသူလို့သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အလားတူ စက်တင်ဘာလ (၂၁) ရက်နေ့က သထုံမြို့နယ် ဂေါ့ကျေးရွာနေ သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးမဖြစ်သူ ဒေါ်သင်းသင်းမြတ် နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်း တို့နှစ်ဦးအား ပြည်သူ့ဘက်တော်သား UG အဖွဲ့မှ လုပ်ကြံပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၃) ရက်နေ့ ညပိုင်းကလည်း ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် သားအဖနှစ်ဦးဖြစ်သည့် ဦးမြင့်အောင် နှင့် သမီးဖြစ်သူ မဝင်းနုခိုင် (ခ) မကေ တို့နှစ်ဦးအား လက်နက်ကိုင်နှစ်ဦးမှ ၎င်းတို့နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲသည့် စက်တင်ဘာလ (၂၅) ရက်နေ့က မုဒုံမြို့နယ် ကွမ်လှာကျေးရွာနေ ကိုအောင်ချို ဆိုသူမှာလည်း ကွမ်လှာကျေးရွာအဝင် ရော်ဘာခြံအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့်အပြင်၊ စက်တင်ဘာလ (၂၇) ရက်နေ့ကလည်း ပေါင်မြို့နယ် တံခွန်တိုင်ကျေးရွာနေ ငမျိုး ဆိုသူမှာလည်း ပေါက်တောကျေးရွာရှိ ရေမြောင်းအတွင်း သေနတ်ဒဏ်ရာအပြင် ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် (၅၈) ဦးထက်မနည်းသေဆုံးခဲ့ကာ၊ (၉) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောင်းဝါမှ ပြုစုထားသည့် စာရင်းများအရ သိရသည်။