ပေါင်မြို့နယ် ပေါက်တောကျေးရွာရှိ ရေမြောင်းအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ယမန်နေ့ မွန်းတည့်ချိန်က တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မည်သည့်အကြောင်းကိစ္စကြောင့် မသိရသေးသော်လည်း အဆိုပါ သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား လယ်သမားတစ်ဦးမှ တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူက တံခွန်တိုင်ကျေးရွာက အသက် (၂၃) နှစ်အရွယ် မောင်ဖြိုး ဆိုသူလို့ သိရတယ်။ ဦးခေါင်းမှာကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်နဲ့သေဆုံးနေတာပါ။ အဲ့ဒီအပြင်ကို မျက်နှာမှာလည်း အညိုအမဲဆွဲနေတော့ သူ့ကိုမသတ်ခင်မှာ နှိပ်စက်ခံထားရတဲ့ ပုံစံမျိုးတွေ့ရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသူ မောင်ဖြိုး ဆိုသူ၏ရုပ်အလောင်းအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းမှ ရေမြောင်းအတွင်းမှ ဆယ်ယူပြီးနောက် ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
လတ်တလော မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားနေကြောင်းနှင့် ပြီးခဲ့သည့် စက်တင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းကလည်း မုဒုံမြို့နယ် ကွမ်လှာကျေးရွာနေ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အသက် (၃၄) နှစ်အရွယ် ကိုအောင်ချို ဆိုသူမှာလည်း ညာဖက်နားထင်ကျည်ဖောက်ဝင်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကောင်းဝါမှ ပြုစုထားသည့် စာရင်းများအရ ယခု စက်တင်ဘာလအတွင်း မွန်ပြည်နယ်၌ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် အနည်းဆုံး လူ (၁၁) ဦးထက်မနည်း သေဆုံးခဲ့သည်။