မွန်ပြည်နယ်အတွင်း တော်လှန်ရေးအားကောင်းသည့်ဒေသများဖြစ်သော ရေး၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တို့တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ လုံခြုံရေးအင်အားအများအပြားအသုံးပြုကာ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် စာရင်းကောက်များ အထိအခိုက်မရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားပြီဖြစ်ကြောင်းနှင့် လုံခြုံရေးအပြည့်အဝပေးသွားမည်ဖြစ်သည်ဟု မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီထံက သိရသည်။
”သတ်မှတ်ရက်အတွင်း အောင်မြင်အောင်ကောက်ယူသွားဖို့ရှိတယ်၊ အချို့အခြေအနေမကောင်းတဲ့မြို့နယ်တွေမှာ စာရင်းကောက်တွေနဲ့ ယာဉ်မောင်းတွေရဲ့လုံခြုံရေးအတွက် Camp သွင်းပြီးလည်း ဆောင်ရွက်သွားဖို့ရှိတယ်၊ ရတခတိုင်းကတော့ ဘယ်သူမှမထိခိုက်အောင်နဲ့ လုံခြုံရေးအပြည့်သုံးပြီဆောင်ရွက်ဖို့ တင်းတင်းကြပ်ကြပ် မှာထားတယ် ” ဟု မွန်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် နီးစပ်သူများထံက သိရသည်။
သို့ရာတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏နောက်ဆုံးထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲအတွက် အဓိကဆောင်ရွက်ချက်ဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ကူညီသူများကို အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးအပြင် နည်းမျိုးစုံဖြင့် တားမြစ်သွားမည်ဟု ပြောဆိုထားသည်။
” အချို့မြို့နယ်တွေဆို ကားတွေ မလိုက်ကြလို့ လိုင်စင်မဲ့ကားတွေချောဆွဲတယ်၊ မရရင် ရတဲ့ကားတွေကို ငွေကြေးအရရော အတင်းအကြပ်ရော ခေါ်ထားတယ်၊ လုံခြုံရေးအာမခံပေးပေမယ့် ခုက မြို့သိမ်းတိုက်ပွဲတွေတောင် သတင်းတွေကြားနေရပြီဆိုတော့ မြို့ထဲဆိုကိစ္စမရှိပေမယ့် မြို့ပြင် ကျေးရွာတွေမှာ စာရင်းကောက်လမ်းကြောင်းအတွက်ဆိုတော့ စိုးရိမ်နေရတယ်၊ မပြီးပြီးအောင် လုပ်ဖို့ ဖိအားတွေရှိနေကြတယ် ” ဟု သံဖြူဇရပ်မြို့နယ်နေ စာရင်းကောက်သူတစ်ဦးက ပြောကြားသည်။
မွန်ပြည်နယ်အတွင်း ကောက်ကွက်ပေါင်း ၃၆၀၀ ကျော်ကို စာရင်းကောက် ၁၂၀၀ ကျော်ဖြင့် သန်းခေါင်စာရင်းကောက်ယူသွားမည််ဖြစ်သည်။
Photo-မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် လ.ဝ.က