တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီး၊ ထားဝယ် – ရေး ရထားလမ်းပိုင်း၊ ရေဖြူနှင့် ထားဝယ်ဘူတာကြားရှိ မောင်မယ်ရှောင်တံတားမှာ စက်တင်ဘာလ (၂၅) ရက်နေ့ ညနေပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ထားဝယ်ဘူတာမှ တာဝန်ရှိသူများထံမှ သိရသည်။
တနသႅာရီတိုင်းရှိ မော်တော်ကားလမ်းနှင့် ရထားလမ်းများအား အဆိုပါဒေသတွင် လှုပ်ရှားလျက်သော KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၄) လက်အောက်ခံတပ်ဖွဲ့များနှင့် ဒေသခံ PDF တပ်ဖွဲ့များ ထိန်းချုပ်နိုင်ရန်အတွက် မိုင်းခွဲသည်ဟု ယူဆကြောင်း မောင်မယ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။
“မိုင်းခွဲခံရတဲ့ မောင်မယ်ရှောင်တံတားမှာ တံတားရဲ့ အောက်ခံကန့်လန့်ဖြတ်သံဘောင် (၂) ချောင်း၊ အလျားလိုက်သံဘောင် (၂) နဲ့(၇၅) ပေါင်သံလမ်းလမ်း (၂) ချောင်းအပြင်၊ သံလမ်းထိန်း (Guard Rail) (၂) ချောင်း ပျက်ဆီးခဲ့ပါတယ်။ အဲ့ဒီအပြင်ကို တံတားအထူးသစ်သားဇလီဖားတုံးတွေလည်း ပျက်စီးကုန်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
၂၀၂၁ ခုနှစ် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် နယ်မြေလုံခြုံရေးအခြေအနေကြောင့် မွန်ပြည်နယ် ရေးမြို့နှင့် တနသႅာရီတိုင်း ထားဝယ်မြို့သို့ ရထားများပြေးဆွဲခြင်းမရှိတော့ကြောင်း၊ ရေဖြူဘူတာနှင့် ထားဝယ်ဘူတာကြား၊ ရထားလမ်းမိုင်တိုင်အမှတ် (၃၆၄/၁၁ -၁၂) ကြားရှိ တံတားအမှတ် (၆၀၆) မောင်မယ်ရှောင်တံတား မိုင်းဖောက်ခွဲခံရခြင်းဖြစ်ကြောင်း ထားဝယ်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့် (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့နောက်ပိုင်းမှ ယခုအချိန်အထိ မြန်မာ့မီးရထားကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု (၇၉) ကြိမ်၊ ရထားတံတား၊ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၇၂) ကြိမ်၊ ဘူတာအဆောက်အားနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆) ကြိမ်ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းဌာနများမှ ဖေါ်ပြချက်များအရ သိရသည်။
Photo- မိုင်းခွဲခံထားရသော မောင်မယ်ရှောင်တံတား။