မုဒုံမြို့နယ် ကွမ်လှာကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြန်ကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ အဆိုပါ ကွမ်လှာကျေးရွာနေ အသက် (၃၄) နှစ်အရွယ် ကိုအောင်ချို ဆိုသူဖြစ်ကြောင်း နှင့် ၎င်းမှာ “သန်မြန်သူ” ဆိုင်ကယ်ကယ်ရီအသင်းဝင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ကိုအောင်ချို့ ကို မနေ့ (စက်တင်ဘာလ (၂၄) ရက်) ညပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သူ့ရဲ့နေအိမ်ကနေ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ သိရတယ်။ ဒီနေ့ မနက် (၇) နာရီလောက်မှာ ကွမ်လှာကျေးရွာအဝင် ရော်ဘာခြံထဲမှာ ကိုအောင်ချို ရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြရတာပါ” ဟု ၎င်းဒေသခံက ဆက်လက် ပြောကြားသည်။
ကိုအောင်ချို မှာ ညာဖက်နားထင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နှင့် ကိုအောင်ချို ၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
လတ်တလော မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားပြီး မုဒုံမြို့နယ် ကမာဝက်မြို့အစွန် ဂုံညင်းတန်းရပ်ကွက်ရှိ လက်တောတဲတစ်ခု၌ ပြီးခဲ့သည့် စက်တင်ဘာ (၁၈) ရက် နံနက်စောစောပိုင်းက ကမာဝက်မြိုစိန်တောင်ရပ်ကွက်နေသူ ဦးကျော်နိုင်(ခ) အပစ် (အသက် ၄၃ နှစ်) မှာ ပစ်ခတ်သတ်ဖြတ်ခံရပြီး လက်သည် မပေါ်သေးပေ။
Photo- ကိုအောင်ချို အသတ်ခံထားရပုံ။