ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် သမီးအဖနှစ်ဦးမှာ စက်တင်ဘာလ (၂၃) ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
မုက္ခမူကျေးရွာနေ ကျေးရွာကြံ့ခိုင်ရေးပါတီအတွင်းရေးမှူးဖြစ်သူ ဦးမြင့်အောင်နှင့် ၎င်း၏ သမီးဖြစ်သူ ကျိုက်ထိုမြို့နယ်ကြံ့ခိုင်ရေးပါတီ လူငယ်ရေးရာအဖွဲ့ဝင် မဝင်းနုခိုင် (ခ) မကေ ဆိုသူတို့မှာ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနေ့ည (၈) နာရီအချိန်လောက်မှာ မုက္ခမူကျေးရွာမှာရှိတဲ့ ဦးမြင့်အောင်တို့ အိမ်ကို ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက် အိမ်ပေါ်ကိုတက်သွားပြီးတော့ သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ” ဟု ၎င်းဒေသခံက ဆိုသည်။
ဦးမြင့်အောင်တွင် ကျည်ဖောက်ဝင်ဒဏ် ရာ (၅) ချက် နှင့် မဝင်းနုခိုင် (ခ) မကေတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂) ချက်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေအိမ်အတွင်းမှာပင်သေဆုံးခဲ့ကြကြောင်း၊ ၄င်းတို့သမီးအဖ နှစ်ဦးအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ လာရောက်ပစ်ခတ်သတ်ဖြတ်သွားသည်ကို မသိကြရသေးကြောင်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် စင်တင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းကလည်း သထုံမြို့နယ် ဂေါ့ရွာကြီးပိုင်းနေ သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးမဖြစ်သူ ဒေါ်သင်းသင်းမြတ်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်း တို့နှစ်ဦးကို ပြည်သူ့ဘက်တော်သား UG အဖွဲ့မှ လာရောက်ပစ်ခတ်ရှင်းလင်းမှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Photo-ပစ်သတ်ခံရသည့်သားအဖနှစ်ဦး