မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်သော မွန်ပြည်နှင့် ပြည်သူလူထုကို ကိုယ်စားပြုနိုင်မည့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ရန်အတွက် တော်လှန်ရေးတွင် ပါဝင်လျက်ရှိသည့် မွန်လူငယ်အဖွဲ့များ၏ ဘုံသဘောတူညီချက်ထွက်ပေါ်လာကြောင်း သိရသည်။
တော်လှန်ရေးတွင် ပါဝင်လျက်ရှိသော မွန်လူငယ်များ၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (Mon Youth Political Dialogue) တစ်ရပ်ကို (၂၀၂၄) ခုနှစ် စက်တင်ဘာလအတွင်းက လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံရေးအဖွဲ့များ၊ ကျောင်းသားများသမဂ္ဂ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်အင်အားစုများ စသည့် အစုအဖွဲ့ (၁၁) ခုမှ လူငယ်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း ထိုထုတ်ပြန်ချက်က ဆိုထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအတွင်း မွန်ပြည်၏ နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်းစာနာမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တို့အတွက် တော်လှန်ရေးအစုအဖွဲ့အသီးသီးအကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း မြှင့်တင်လာစေရေး အလေးပေး ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စသည့် တူညီသော ဘုံရည်မှန်းချက်များကို အောင်မြင်ပြည့်မြောက်နိုင်စေရန် အစုအဖွဲ့အသီးသီးမှ မွန်လူငယ်များအနေဖြင့် ဘုံသဘောတူညီချက် (၄) ချက်အား ထုတ်ပြန်လိုက်ကြောင်းနှင့် ၎င်းတို့မှာ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်ပြီး မွန်ပြည်နှင့် မွန်ပြည်၏ ပြည်သူလူထုကို ကိုယ်စားပြုနိုင်မည့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ရန် ဆိုသည့်အချက်ပါဝင်ကြောင်း သိရသည်။
ထို့အပြင် မွန်ပြည်အတွင်းမှ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအနေဖြင့် တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်၊ စစ်အာဏာရှင်စနစ် အသက်ဆက်နိုင်စေရေး ကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ပြည်သူလူထုအပါအဝင် အစုအဖွဲ့များအားလုံးက ဆန့်ကျင် တော်လှန်တိုက်ဖျက်သွားရန်နှင့် မွန်ပြည်နှင့် ထိစပ်ဒေသများတွင် ဖြစ်ပွားလျက်ရှိသော လူသားချင်းစာနာမှုအခြေအနေများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရေး တော်လှန်သောအစုအဖွဲ့များမှ စနစ်တကျချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားရန် စသည့်အချက်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တော်လှန်ရေးတွင် ပါဝင်လျက်ရှိသော မွန်လူငယ်များ၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (Mon Youth Political Dialogue) သို့ မွန်ပြည်ဖယ်ဒရယ်ကောင်စီ – လူငယ်ကိုယ်စားလှယ် (MSFC)၊ ရာမညဖယ်ဒရယ်အင်အားစုသစ် (NRFF)၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Mawlamyine University Students Union)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ ရေးပြောက်ကျားတပ် (YGF)၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Hurfom) နှင့် အမည်မဖေါ်လိုသော အစုအဖွဲ့ (၄) ဖွဲ့မှ မွန်လူငယ်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
Photo- တော်လှန်ရေးအဖွဲ့ဝင် မွန်လူငယ်အဖွဲ့များ၏ ထုတ်ပြန်ချက်။