သံဖြူဇရပ်မြို့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် (၃) ဦး ထပ်မံအဖမ်းခံရပြန်သဖြင့် ယခုအခါ ဖမ်းဆီးခံထားရသူ (၈) ဦးအထိရှိလာကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၈) ရက်နေ့က သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ပိုင်ရှင်မဲ့လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဥက္ကဌဖြစ်သူ ဦးရဲမင်းထိုက်၊ ဦးဇော်ဝမ်းနှင့် ကိုရဲနိုင်ဦး အပါအဝင် အသင်းဝင် (၅) ဦးဖမ်းဆီးခံခဲ့ရပြီးနောက်၊ စက်တင်ဘာလ (၂၀) ရက်နေ့ ညပိုင်းတွင် ထိုပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် (၃) ဦး ထပ်မံအဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“စက်တင်ဘာလ (၂၀) ရက်နေ့ ည (၁၀) နာရီလောက်မှာ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် (၃) ဦးကို သူတို့ရဲ့နေအိမ်တွေမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာပါ။ အခုဆိုရင်အားလုံး (၈) ဦးအထိ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။
ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ အသင်းဝင်များအား မည်သည့်အကြောင်းကြောင့် ဖမ်းဆီးထားသည်ကို တိတိကျကျ မသိကြရသေးကြောင်း၊ ဖမ်းဆီးခံခဲ့ရသူများအား သံဖြူဇရပ်မြို့နယ် ဝဲကလိတပ်နယ်တွင် စစ်ကြောရေးလုပ်ဆောင်နေသည်ဟု ကြားသိရကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရကြသေးကြောင်း ၎င်းမြို့ခံက ဆိုသည်။
သံဖြူဇရပ် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှာ (၂၀၁၈) ခုနှစ်က မွန်ပြည်နယ်အစိုးရအဖွဲ့ထံ အသင်းအဖွဲ့မှတ်ပုံတင်ထားသည့် အသင်းဖြစ်ပြီး လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းမျာအပြင် နာရေးကူညီမှုများကိုလည်း ဆောင်ရွက်ပေးနေသည့်အသင်းအဖွဲ့ဖြစ်ကြောင်း သိရသည်။
Photo-သံဖြူဇရပ် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမော်တော်ယာဥ်။