သံဖြူဇရပ်မြို့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌအပါအဝင် အသင်းဝင် ၅ ဦးအား စစ်ကောင်စီမှ ဖမ်းဆီးထားပြီး စစ်ကြောရေးများ လုပ်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌဖြစ်သူ ဦးရဲမင်းထိုက်၊ ဦးဇော်ဝမ်း၊ ကိုရဲလှိုင်ဦး အပါအဝင် အသင်းဝင် (၅) ဦးအား ပြီးခဲ့သည့် စက်တင်ဘာလ (၁၈) ရက်နေ့က သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အသင်းရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။
“ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းက အသင်းဝင်တွေကို ဘာကြောင့်ဖမ်းသွားလဲတော့ တိတိကျကျမသိရသေးဘူး။ စစ်တပ်ရဲ့ ဝဲကလိတပ်နယ်မှာရှိတဲ့ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ကြားသိရတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ အသင်းဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ ယနေ့ စက်တင်ဘာလ (၂၀) ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။
ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှာ သံဖြူဇရပ်မြို့နယ်အတွင်းဖြစ်ပွားလေ့ရှိသည့်
သဘာဝဘေးများနှင့် တခြားသော လူမှုရေးကိစ္စများအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသည့် အသင်းဖြစ်ကြောင်း၊ ၎င်းအပြင် ဒေသအတွင်းဖြစ်ပွားလေ့ရှိသည့် ယာဉ်မတော်တဆမှုများနှင့် အရေးပေါ်လူနာများအားကိုလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် အသင်းဖြစ်သည်အပြင်၊ နာရေးကူညီမှုလည်း လုပ်ဆောင်ပေးနေသည့်အသင်းဖြစ်ကြောင်း သိရသည်။
ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှာ (၂၀၁၈) ခုနှစ်က မွန်ပြည်နယ်အစိုးရအဖွဲ့ထံ အသင်းအဖွဲ့မှတ်ပုံတင်ထားသည့် လူမှုကူညီရေးအသင်းဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့ကလည်း လမိုင်းလူငယ်ပရဟိတအသင်းမှ အသင်းဥက္ကဌအပါအဝင် အသင်းတင် (၅) ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တစ်ပတ်ခန့်အကြာမှ ပြန်လွှတ်ပေးခဲ့သည်။
Photo- ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းယာဥ်