တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများ၏ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်ကြေညာချက်တစ်စောင် စက်တင်ဘာလ (၁၉) ရက်နေ့ ရက်စွဲဖြင့် ထွက်ပေါ်လာကြောင်း တွေ့ရသည်။
ထိုသဘောထားကြေညာချက်အား ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီ အတိုင်ပင်ခံကောင်စီ (KSCC) ၊ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ၊ မွန်ပြည်နယ်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) ၊ မွန်ပြည်ဖယ်ဒရယ်ကောင်စီ (MSFC) ၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့မှ ပူးပေါင်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီများမှ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုမျးကို အကြိမ်ကြိမ်ကျင်းပြုလုပ်ခဲ့ကြပါကြောင်း ထိုသဘောထားထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အဆိုပါ ညှိနှိုင်းမှုများမှတဆင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom – up Federalism) နှင့် စပ်လျဉ်းပြီး တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီများ စုစုပေါင်း (၉) ဖွဲ့မှ သဘောတူညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် ပြည်နယ်အားကောင်းရေးကို ရှေ့ရှုသည့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom – up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်၍ မိမိတို့ ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီများ၊ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများမှ အတူတကွတည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားချက်များအရ သိရသည်။
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom – up Federalism) ကို အောက်ပါအခြေခံမူများနှင့်အညီ တည်ဆောက်သွားမည်ဖြစ်ပြီး၊ (က) အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ဖယ်ဒရယ်ယူနစ်များနှင့် ၎င်းပြည်နယ်/ဖယ်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူလူထုများဖြစ်သည်။ (ခ) ပြည်နယ်/ဖယ်ဒရယ်ယူနစ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည်။ (ဂ) အချုပ်အခြာအာဏာ (Sovereignty)၊ သွေးစည်းညီညွတ်မှု (Solidarity)၊ လူထုနှင့်အနီးကပ်ဆုံးအာဏာ (Subsidiarity) နှင့် အချိုးကျမှု (Proportionality) အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက်မည် ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို တော်လှန်ရေးအင်အားစုများအကြား ဆက်လက်ညှိနှိုင်းအကောင်အထည်ဖေါ်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
သို့ဖြစ်ပါ၍ အထက်ပါ သဘောတူညီချက်နှင့် လုပ်ငန်းစဉ်များကို မိမိတို့ တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများမှ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွ လက်တွဲအကောင်အထည်ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဟု တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများ၏ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြပါရှိသည်။