မုဒုံမြို့နယ် ကမာဝက်မြို့အစွန် ဂုံညင်းတန်းရပ်ကွက်ရှိ လက်တောတဲတစ်ခု၌ ယမန်နေ့နံနက်စောစောပိုင်းက ဒေသခံပြည်သူတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရဆိုသည့်ကိစ္စတွင် မိမိတို့အဖွဲ့အစည်းနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP (AD) ငြင်းဆိုလိုက်သည်။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ဖော်ပြချက်အရ စက်တင်ဘာ ၁၈ ရက်၊ နံနက် ၄ နာရီအချိန်ခန့်က ကမာဝက်မြိုစိန်တောင်ရပ်ကွက်နေသူ ဦးကျော်နိုင်(ခ) အပစ် (အသက် ၄၃ နှစ်) မှာ ဦးခေါင်း (ညာဘက်) နောက်စေ့နား ကျည်ဖောက်ဝင်ဒဏ်ရာ၊ နောက်ကျော(ဘယ်ဘက်) ကျည် ဖောက်ဝင်ဒဏ်ရာ (၃) ချက်တို့ဖြင့် သေဆုံးသွားခဲ့သည်မှာ PDF နှင့် မွန်ပြည်သစ်(ခွဲထွက်) အဖွဲ့တို့၏ လက်ချက်ဟု စွပ်စွဲရေးသားခဲ့ကြောင်း၊ ၄င်းဖြစ်စဥ်မှာ မိမိတို့အဖွဲ့အစည်းနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း NMSP (AD) ပြောခွင့်ရ နိုင်ဗညားမွန်က ကောင်းဝါသို့ ဆက်သွယ်ပြောကြားခဲ့သည်။
ထို့ပြင် တယ်လီဂရမ်ဖော်ပြချက်အရ ၄င်းဦးကျော်နိုင်(ခ) အပစ်ဆိုသူမှာ လယ်သမားတစ်ဦးသာ ယူဆရကြောင်း၊ ၄င်ဖြစ်စဥ်သည်လည်း ကမာဝက်မြို့အနီးပတ်ဝန်းကျင်တွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့ခြင်းရှိမရှိကိုမူ NMSP (AD) အနေဖြင့် လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
သတ်ဖြတ်ခံရသူမှာ ၄င်း၏ဇနီး၊ သမီးဖြစ်သူတို့နှင့်အတူ ကမာဝက်ချောင်းဘေးရှိ ၎င်းပိုင်လယ်တော၏တဲတွင် အိပ်စက်နေစဉ် အမည်မသိလက်နက်ကိုင်တို့က လာရောက်ပစ်ခတ်သွားသည်ဟု တယ်လီဂရမ်၏ရေးသားချက်ကို အရင်းအမြစ်အား သေချာစုံစမ်းခြင်းမရှိဘဲ အခြားအွန်လိုင်းမီဒီယာများမှတဆင့် လိုက်လံဖြန့်ဝေနေသည်ကို တွေ့ရသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP(AD) အနေဖြင့် စစ်ကောင်စီဖွဲ့စည်းနေသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် လိုက်ပါဆောင်ရွက်ခြင်းမပြုရန်နှင့် ပူးပေါင်းပါဝင်သွားမည့်လူများကို စုံစမ်းဖော်ထုတ်ပြီး အရေးယူသွားမည်ဟု ကြေငြာချက် ထုတ်ပြန်ထားသည်။
Photo- တယ်လီဂရမ်ဓါတ်ပုံဖော်ပြချက်
လူ့အခွင့်အရေး
ငြင်းဆို
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)
NMSP (AD)