ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ အမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၃) ရက်နေ့ မွန်းလွဲပိုင်းအချိန်က သိမ်ဇရပ်မြို့အခြေစိုက် အမတ – ၃၁၀ မြောက်တပ်မှ ခရွဲကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လက်နက်ကြီးတစ်လုံးက ခရွဲကျေးရွာမှာရှိတဲ့ ဘုရားကုန်းဘုန်းကြီးကျောင်းနဲ့ မြောက်ကျောင်းဘုန်းကြီးကျောင်းကြားမှာရှိတဲ့ နေအိမ်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိုသို့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၆၆) နှစ်အရွယ် ဒေါ်ဝင်းအေး ဆိုသူ၏ ညာဘက်ခြေသလုံးတွင် လက်နက်ကြီးကျည်စ ဖောက်ဝင်/ဖောက်ထွက် ဒဏ်ရာ (၁) ချက်ရရှိခဲ့ပြိး၊ အသက် (၁၈) နှစ်အရွယ် မောင်ဟိန်းထက်အောင်တွင် ညာနားရွက် စုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
ထို့အပြင် ယင်းနေ့က သိမ်ဇရပ်အခြေစိုက် အမတ – ၃၁၀ အမြောက်တပ်အပြင်၊ လက်ပံကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့မှ ခရွဲကျေးရွာအနီးဝန်းကျင်အား လက်နက်ကြီး (၁၃) လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းနှင့် ယင်းလက်နက်ကြီးကျည်များမှ ကျေးရွာအစပ်နှင့် လယ်ကွင်းများအတွင်းကျရောက်ပေါက်ကွဲခဲ့သည့်အတွက် လူနှင့် နေအိမ်အဆောက်အအုံထိခိုက်မှုမရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယခုစက်တင်ဘာလအတွင်း မွန်ပြည်နယ်၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူ (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသည်။
Photo- လက်နက်ကြီးကျသည့်ဒေသနှင့် ထိခိုက်ဒဏ်ရာရသူများ (တယ်လီဂရမ်)