လှေလုပ်သားများ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနေသည့် ကျိုက္ခမီမြို့တွင် သေဆုံးသူ (၆) ဦးအထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်အထိ ကျိုက္မမီမြို့ဆေးရုံတွင် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ဆေးကုသမှုခံယူနေရသူ လှေလုပ်သားပေါင်း (၁၅) ဦးကျော်ရှိနေသည့်အပြင် (၈၀) ကျော်ကိုလည်း စောင့်ကြည့်နေရသည့် အခြေအနေမျိုးရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“စက်တင်ဘာလ (၁၀) ရက်နေ့မှာ လှေသား (၄) ဦးသေဆုံးတယ်။ သူတို့က ပင်လယ်ထဲမှာကတည်းက သေဆုံးခဲ့ကြတာလို့ သိရတယ်။ စက်တင်ဘာလ (၁၅) ရက်နေ့မှာ လှေသားတစ်ဦးနဲ့ မိသားစုဝင်ထဲက ၄ တန်းကျောင်းသူလေးတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရတယ်”
၎င်းအပြင် သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်း ဝမ်းပျက်ဝမ်းလျောရောဂါဖြင့် ဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူနေရသူများလည်းရှိနေရကြောင်းလည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
“လတ်တလောမှာ ကျိုက္ခမီမြို့ပေါ်မှာရှိတဲ့ စားသောက်ဆိုင်များအားလုံးကို စက်တင်ဘာလ (၁၃) ရက် နေ့မှ စတင်ကာ (၁၀) ရက်တိတိပိတ်ထားဖို့ကို ကျန်းမာရေးဝန်ကြီးဌာနကနေ ညွန်ကြားထားတယ်လို့လည်း သိရပါတယ်” ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ကျိုက္ခမီပင်လယ်ပြင်ရှိ ငါးဖမ်းစက်လှေများ၊ ကျားဖောင်များသို့ ပို့ဆောင်ပေးနေသည့် ကဲ့လှေများဖြင့်တင်ဆောင်သွားသော သောက်ရေနှင့် ရေခဲများ မသန့်ရှင်းရာမှ ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်ဖြစ်ပွားမှုဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သုံးသပ်ထားကြောင်းလည်း ၎င်းကဆိုထားသည်။
လက်ရှိတွင်လည်း ကျိုက္ခမီမြို့ ပေါ်ရပ်ကွက်များနှင့် ကျိုက္ခမီမြို့အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါပိုမိုဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းကာ ကလိုရင်းဆေးများဝေငှခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo- ကျိုက်ခမီမြို့ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနေသည့်နေရာများ