မွန်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းလုပ်သားစာရင်းများအား ပေးပို့သွားရန် စစ်ကောင်စီက အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များထံ ညွှန်ကြားထားကြောင်း ခရိုင်အုပ်ချုပ်ရေးဌာနနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။
သက်ဆိုင်ရာမြို့နယ်များအတွင်း ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်တင်ကုန်ချလုပ်ငန်းများ အပါအဝင် ကျဘမ်းလုပ်ကိုင်နေကြသည့် လုပ်သားများစာရင်းကို လုပ်ငန်းအလိုက် အစီရင်ခံ ပေးပို့သွားရမည်ဟု သိရသည်။
ကျိုက်ခမီမြို့မှ ရေလုပ်ငန်းရှင်တစ်ဦးက “လုပ်ငန်းအမျိုးအစားအလိုက် ရေလုပ်ငန်းဆို ရေလုပ်ငန်းပေါ့၊ အလုပ်ရှင်တွေအပါအဝင် လုပ်သားတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတောင်းလို့ လုပ်ပေးနေရပါတယ်။ ဘာကြောင့်တောင်းလဲတော့မသိရဘူး၊ သူတို့လိုတာ စာရင်းဆိုစာရင်း၊ ပစ္စည်းဆိုပစ္စည်း၊ ယာဉ်ဆိုယာဉ် ချက်ခြင်းပေးနေရတာပါပဲ ” ဟု ပြောကြားသည်။
အလားတူ ရေးမြို့နယ်တွင်လည်း လုပ်သားများစာရင်းကို လုပ်ငန်းအလိုက် ပေးပို့ပေးသွားရမည်ဟု ရေးခရိုင်အုပ်ချုပ်ရေးဌာနက ညွန်ကြားထားကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။
ထို့ပြင် ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက အတင်းအကြပ်ဖိအားပေးနေပြီး ရေးမြို့နယ်အတွင်း လာရောက်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားအချို့အား ငွေကြေးဖြင့်စည်းရုံးကာ စစ်မှုထမ်းများပေးပို့လျက် ရှိနေသည်။
ရေးမြို့နယ်မြောက်ပိုင်းမှ ရပ်ကျေးကော်မတီဝင်တစ်ဦးက “လစဉ်ပေးနေရတဲ့ စစ်မှုထမ်းတွေအတွက် ရွှေ့ပြောင်းတွေက စိတ်ပါဝင်စားသူတွေ၊ ငွေကြေးလိုအပ်ရင် ငွေကြေးပေးပြီး စစ်မှုထမ်းဆောင် စေတာတွေ လုပ်နေရတယ်၊ ခုတော့ လူ့အရင်းအမြစ်ရှားပါလာသလို ပြည်သူ့လုံခြုံရေးဆိုတာကလည်း မဖွဲ့မနေရအတင်းအကြပ် ဖိအားပေးလာတာတစ်ကြောင်း၊ တစ်ချို့ရပ်ကျေးတွေဆို လုံးဝမပေးနိုင်ကြတော့ သူတို့ကို အရေးယူဖို့ခြိမ်းခြောက်လာသလို လုပ်သားတွေဘက်ကိုလည်း မြှားဦးလှည့်လာနိုင်ပါတယ်” ဟု ပြောကြားသည်။
ညနေ(၆)နာရီမှ နံနက်(၆)နာရီအထိ ညမထွက်ရ မာရှယ်လောအထုတ်ခံထားရသည့်ရေးမြို့ပေါ်အတွင်း ညစဉ်သူခိုးရန်ကြောင့် တရားဥပဒေစိုးမိုရေးကင်းမဲ့နေပြီး ယင်းကိုအကြောင်းပြကာ စစ်ကောင်စီအနေဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းရန် ဖိအားပေး ကြိုးစားလာခြင်းဖြစ်ကြောင်း မြို့ခံရပ်ဖိရပ်ဖများထံက သိရသည်။
တဖက်မှာလည်း စစ်ကောင်စီဖွဲ့စည်းနေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် လိုက်နာဆောင်ရွက်ခြင်းမပြုရန်နှင့် ပူးပေါင်းပါဝင်သွားမည့်သူများအား စုံစမ်းဖော်ထုတ်၍ အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP(AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့က ကြေညာချက်များအသီးသီး ထုတ်ပြန်ထားသည်။
Photo-ရွှေ့ပြောင်း ရေလုပ်သားများ