(၃) ငိုတတ်သူတို့ ရယ်မောရာ။
ကော့ဒွတ်ရွာ ထန်းတောသည်ကား မျက်စေ့ တဆုံး။ နွေလေပူများ တိုက်ခတ်လာသောအခါ လှည်း လမ်းတလျှောက် ဖုံများထောင်းကနဲ ထသွားသည်။ လယ်မြေများတွင် ပက်ကြားအက်လျက် ခြောက်သွေ့ သည့် သရုပ်ကို ဆောင်နေ၏။
နေညိုပြီဆိုသော်လည်း လေချိုသွေးစ၊ အပူရှိန်က မလျော့သေး။
ကျွန်တော် မင်းပန်းစိန်နှင့် ကိုမင်းခိုင်တို့ သုံးဦးသား ထန်းတောဘက်သို့ ခြေဦးလှည့်နေကြ၏။ မနက်ဖြန်ဆိုလျင် ကျွန်တော်နှင့်ကိုမင်းခိုင်ကို ခရီးထွက် ကြတော့မည်။ ထို့ကြောင့် အမှတ်တရ ထန်းရည် သောက်ကြရန် မင်းပန်းစိန်က ခေါ်ဆောင်လာခြင်း ဖြစ်သည်။
ကျွန်တော်တို့သည် ထန်းတောရှိ ကုတ်ကိုပင်ရိပ် တွင် ထိုင်ကြသည်။အညာတွင်ဆိုလျှင် “နွေထနောင်း ဆောင်းမကျီး” ဆိုသည့်အတိုင်း ထနောင်းပင်ရိပ်တို့ ဝေဆာနေရော့မည်။ ကျွန်တော်တို အောက်ပြည်တွင် ကား ထနောင်းပင်မရှိ။
မင်းပန်းစိန်က ထန်းရေခါးနှစ်ကျည် ဆွဲလာ၏။ ကြက်သားကျော်ထုပ်ကိုလည်း မြေပြင်တွင် ချလိုက် သည်။ကျွန်တော်တို့ သုံးယောက်သား မြေပြင်တွင် စံတိုင်နှင့် ထိုင်ကြသည်။
“ဖိုးပန်းစိန် မင်း-ငါ့ကို မူးအောင်တိုက်နိုင်မလား” “ကိုမင်းခိုင်က ပြုံးပြီး မေးလိုက်သည်။
“စိတ်ချ ကိုမင်းခိုင် လိုသလောက်ရမယ်၊ ကျွန်တော် တာဝန်ယူတယ်” သူက ပြောပြောဆိုဆို ခွက် များထဲသို ထန်းရည် လောင်းထည့်လိုက်သည်။ ကျွန်တော်တို့သုံးဦးသား စကား တပြောပြောဖြင့် စည် ကားလိုက်ကြသည်။
“ဒီမှာ ကိုရွှေကိတ် ခင်ဗျား- ကျွန်တော့် မျက်နှာကို ကြည့်စမ်း ဘာများ ထူးခြားတယ်မြင်လဲ””
ကိုမင်းခိုင်က စကားမစပ်ပြောလိုက်သည်။ ကျွန်တော်က သူ့ကို အထူးအဆန်း ကြည့်လိုက်သည်။ မုတ်ဆိတ်မွေးဗလပျစ် ဆံပင်ဖရိုဖရဲ ဒါဘဲမြင်၏။ သူ သော်လည်း သူ၏မျက်လုံးတွင် ကြေကွဲမှု အရိပ်ကို တွေလိုက်မိသလို ရှိသည်။
“အေးဗျ- ခင်ဗျား တခုခုအတွက် ဝမ်းနည်းနေ သလား ထင်ရတယ်”
“ဟား…ဟား…. တော်တယ်ဗျို့၊ ခင်ဗျား သိပ် တော်တယ်” သူက ဟက်ဟက်ပက်ပက်ရယ်ရင်း ကျွန်တော် ပေါင်ကို အားပါးတရ ပုတ်လိုက်၏။
“ဟေ့လူ ခင်ဗျား မိမိခိုင်ကို မှတ်မိသေးလား ဟိုတနှစ်နွေ မုဒုံမှာ ခင်ဗျားနဲ့ မိတ်ဆက်ပေးခဲ့တဲ့ မိမိခိုင်လေ”
“မှတ်မိပါတယ်ဗျာ….၊ ဟို ခင်ဗျား အသဲကျော် မလေးဆိုတာ မဟုတ်လား၊ အဲဒါ ဘာဖြစ်လဲ”
သူက ထန်းရည်ခါးကို မော့လိုက်၏။နှုတ်ခမ်းကို သပ်လိုက်၏။ပြီး ကြက်သားကျော်တဖတ်ကို ကောက် ဝါးလိုက်သည်။
“ကျွန်တော် ခင်ဗျားသိတဲ့အတိုင်း သိပ်မသောက် တတ်ဘူးဗျာ၊ ဒါပေမဲ့ ဒီကနေ့ ကျွန်တော် မူးအောင် သောက်ချင်တယ်၊ မူးမှ အိပ်ပျော်မယ်၊ အိပ်ပျော်မှ ခရီးကြမ်းရှည်ကြီးကို သွားနိုင်မယ်ဗျ။ ဒီကနေ့ မိမိခိုင် မင်္ဂလာဆောင်လေ။ ဟဲ….ဟဲ…. မိမိခိုင် လက်ထပ်ပွဲ ကျင်းပတဲ့နေ့ဗျ”
“ဟောဗျ……၊ဘယ်နှယ် အပြောင်းအလဲက မြန် လှချေလား” ကျွန်တော်က အံ့ဩသံ၊ စိတ်မကောင်း သံနှင့် ပြောလိုက်မိ၏။
“အေးလေ….နောက်ဆုံးမှာတော့ ဒီအခြေဆိုက် တော့တာဘဲ။ သူက အထက်လွှာက လူချမ်းသာ၊ ကျွန်တော်က ကျောင်းဆရာ၊ ဖတဆိုး ညီမလေးတွေကို စောင့်ရှေက်နေရတဲ့လူ။ နောက်ပြီး အဆိုးဆုံးကတော့ ခင်ဗျားလဲ သိသားဘဲ။ မွန်ယဉ်ကျေးမှုအတွက် ကျွန်တော်တို့လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ဒီတော့ အိမ်ထောင်ပြုဘို လုံးဝ စိတ်ကူးမရဘူး။ သူ့မိဘတွေကလဲ သမီးကညာအခါမလင့်ဘို အိမ်ထောင် ချပေးရတယ်။ ကျွန်တော်ကလဲ သူ့ကို မယူနိုင်သေး၊ သူကလဲ ကျွန်တော့ကို မစောင့်နိုင် စောင့်နိုင်တယ် ထားအုံး၊ ကျွန်တော်က စောင့်ခိုင်းမှာ မဟုတ်ဘူး။ ဒီတော့ ညောင်ညိုပင်စခန်းမှ လမ်းခွဲကြလေ၏ပေါ့။ ဟဲ ဟဲ”
စကားအဆုံးတွင် သူက ရှယ်လိုက်၏။ သို့သော်လည်း ရယ်သံမမည်ပါ၊ သူ့စကားသံတွင် ကျေကွဲမှု တွေက အထင်အရှား ပါနေ၏။
“သူ့ကိုတော့ သနားပါရဲ့ဗျာ… သူက ကျွန်တော့ကိုချစ်တယ်…၊ ဒါပေမဲ့ ကိုယ့်ဘဝမှ ကိုယ်မပိုင်တော့ စွန့်ထားခဲ့ရတာပေါ့ဗျာ။ ဘယ်နှယ့် လုပ်မလဲ”
ကျွန်တော်ကို သုံးဦးသား တိတ်ဆိတ် နေမိကြ သည်။ သူ့ခံစားချက်သည် ကျွန်တော်တို့ နှစ်ဦးထံ ကူးစက်လာခြင်းဖြစ်၏။ ရင်းနှီးသူ၏ ဝေဒနာဟူသည် ဤသို့ ကူးစက်လာတတ်မြဲ။
“ကဲ…. ဒီအကြောင်း ထားကြစို့။ သွားရမဲ့ ခရီး အကြောင်း ပြောကြရအောင်၊ ကျွန်တော်တို သွား ရမဲ့ ခရီးစဉ်ကို ကျွန်တော် မြေပုံဆွဲပြမယ်၊ ဒီမှာ သူက တုတ်တချောင်းဖြင့် မြေပုံတခုကို ဆွဲပြရင်း ရှင်းပြနေ၏။
နေလဲညိုပြီ။ လေချိုလဲသွေးပြီ။
ထန်းရည်ကျည်များလဲ မြေတွင်လဲလျောင်းကြပြီ။ ကျွန်တော်တိုတတွေလဲ အတော် မူးကြသည်။ ကျွန် တော်တိုသုံးဦးသားသည်ပုခုံချင်းဖက်ကာ ဒယီးဒယိုင် ဖြင့် ရွာထဲ ဝင်လာကြသည်။
အော်….ယခုအချိန်တွင် မုဒုံမြို့တနေရာ၌ လက်ထပ်ပွဲ တခုကို စည်ကားစွာ ကျင်းပ နေရော့မည်။ သည်နေရာတွင်ကား…. ကျွန်တော်တို့တွေ တေး ဆိုလျက် ထန်တောမှ ပြန်လာ နေကြသည်တကား။
(၄) ကန္တာရခရီး စချေပြီ။
ဤရီးစဉ်အကြောင်းဖေါ်ရာတွင် အတတ်နိုင်ဆုံး ချုံး၍ တင်ပြပါမည်။
မနက်စောစောတွင် ကော့ဒ္ဒတ်မှမော်တော်ကား ဖြင့် “လမိုင်း”” သို ထွက်လာကြသည်။ကော့ဒွတ်နှင့် လမိုင်း ခြောက်မိုင်ကျော် ဝေးပါသည်။ကော့ဒွတ်မှာ အိမ်ခြေတထောင်ကျော်ရှိ မွန်ရွာကြီးတရွာ ဖြစ်ပါ သည်။
လမိုင်းမှာ ရေးမြို့နယ်တွင်ရှိ တိုက်နယ်တခုဖြစ် သည်။ ဆေးရုံနှင့် အလယ်တန်းကျောင်း ရှိသည်။ ရေး-မော်လမြိုင် ရထားလမ်းပေါ်တွင် ရှိသည်။ ၎င်း သည်လည်း မွန်ရွာကြီးတရွာ ဖြစ်ပါသည်။ လမိုင်းမှ မြင်းလှည်းဖြင့် တမိုင်ကျော်ဝေးသော “မော့ကနင် သို့ ခရီးဆက်ခဲ့သည်။ မော့ကနင်သည်လည်း အိမ်ခြေတထောင်ကျော်ရှိ မွန်ရွာကြီးတရွာဖြစ်သည်။ (ထိုစဉ်က မီးမလောင်သေး။ ပြီးခဲ့သောနွေက မီးလောင်ရာ အိမ် မြေ ရှစ်ရာကျော် ပြာပးခဲ့သည်။ ယခု တည်ဆောက်ဆဲ)
မော့ကနင်ရွာမှ ဆက်သောခရီးကား စီးစရာ ယာဉ်မရှိပါ။ တောလမ်းအတိုင်း ခြေလျှင်ခရီးသာ ရှိ တော့၏။ ကြည့်လေရာ တောင်စွယ် တောတန်းများ လွှမ်းနေ၏။ ရှေ့အဝေးတွင် တနင်္သာရီ ရိုးမတောင် တန်းသည် ပြာမှိုင်းမှုလျက် တထပ်ပြီး တထပ် မြင့် တက်သွား၏။
“ကျွန်တော်တိုခရီးစဉ်က“တောင်စွန်း”ကို ကျော် ပြီး “ဇမိ”ကို ဖြတ်ရမယ်၊ ပြီးတော့ “ဒဵုပရောင်” အရောက်သွားရမယ်၊ ပရောင်ရောက်ရင် “ခွာဟဲ” မဝေး တော့ဘူး။ ကျောက်စာရှိတဲ့ (ကွမ်ဒုံ) ဟာ “ခွာဟဲ”အရှေ့ဘက် သိပ်မဝေးလှဘူး။“လမ်းဖါး” ချောင်းနားမှာရှိတယ်။ ဒီရွာမှာဘဲ ကျောက်စာကော မွန်ဂီတဆရာကြီးပါ ရှိတယ်။
“ကျွန်တော် လူကြုံနဲ့ ကြို တင်ပြီး စာရေးထားတယ်။ ရောက်မယ် ထင်ပါရဲ့” ကိုမင်းခိုင်က နဖူးမှချွေးသုတ်ရင်းပြောလိုက်သည်။
“ခန့်မှန်ခြေ ဘယ်နှစ်ရက်လောက် ကြာမယ်ထင်သလဲ”
“ခန့်မှန်းခြေ၊ ခုနှစ်ရက်လောက် ကြာမယ်”
“ဗျာ…. ခုနှစ်ရက်တောင် ဟုတ်လား…” ကျွန် တော်က အလန့်တကြား မေးလိုက်သည်။ ဘုရား ဘုရား … ခုနှစ်ရက်တိတိကို ခြေလျင်လျှောက်ရတော့မည် ပါလား။
“ဘာလဲ ကြောက်သွားပလား၊ အဲဒီ “ကွမ်ဒုံ” ကနေ ရှစ်မိုင်လောက် သွားရင် ယိုးဒယား နယ်စပ် ရောက်လေရော၊ မှောင်ခိုပစ္စည်းလေး ဘာလေး ခင်ဗျား’ ဝယ်ချင်ရင် ဟိုကျတော့ သွားတာပေါ့ဗျာ”
သူက သဘောကျစွာ ရယ်လိုက်သေးသည်။ ကျွန်တော့မှာတော့ မရယ်နိုင်။ ပခုံးတွင် ထမ်းထားသော မယ်ဒလင်က တဖြေးဖြေး ပို၍လေးလာသည်ထင်ရ၏။ သီချင်းများစွာ တက်ရမည်ဆိုတော့ သူမပါလို့ မဖြစ် ပါ။ ကိုမင်းခိုင်တွင်လည်း လက်က ချလေ့ မရှိသော တရောကို တရောအိတ်နှင့်တကွ ယူလာသည်။
တပေါင်းနေမင်းကလည်း ခြစ်ခြစ်တောက် ပူလွန်းသည်။ ဤပူပြင်းသော နေရောင်အောက်တွင် တရွေ့ ရွေ့ဖြင့် ခရီးနှင်နေသည်။ “အောင်မြေသာစံ” ပတ် ပျိုးကို သင်ခဲ့စဉ်က တဆင့်တက်သော် တတောင် ကျော် တမော်ရုံလျှိုး တခြုံတိုး၊ တမိုးသောက်လျှင် တနေဝင် တပင်မြိုင်ကြီး ဂနိုင်ဆီး”ကို စာတွေ့ တွေ့ခဲ့ရသည်။ ယခုမူ ကိုယ်တိုင်ကြုံရချေပြီ။
ကိုမင်းခိုင်မှာ စိတ်ဆောင်၍လား မပြောတတ်။ ရှေ့မှ စိုက်စိုက်ဖြင့် အတွင်နှင်နေ၏။ ကျွန်တော်မှာ စိတ်မဆောင်နိုင်၍ဘဲလား၊ သူ့လောက် အပမ်းမခံနိုင်၍လား မပြောတတ်။ အလွန်ကို မောသည်။ကျွန်တော့ ဘဝတွင် ဤမျှရှည်လျှားကြမ်းတမ်းလွန်းသော ခရီးကို မကြုံဘူးသေးပါ။
ဤသို့ ခရီးကြမ်းကိုနှင်ခဲ့ရာ သုံးရက်မြောက်သော နေ့တွင် “ဇမိ”မြစ်ဘေးရှိ ““ကွမ်တာ” ခေါ် မွန်ရွာ ကလေး တရွာသို့ ရောက်ရှိသည်။ (မှတ်ချက်။ ။ဇမိ မြစ်သည် အတ္တရံမြစ်ဖျားနှင့် ဆက်နေသော မြစ်ငယ် ကလေး တခု ဖြစ်ပါသည်။)
ယင်းရွာတွင် ကိုမင်းခိုင် “လူ”ရှိသဖြင့် ကျွန်တော်တို့ ကောင်းစွာ အနားယူနိုင်ကြပါသည်။ တဲခိုသည့် အိမ်တွင် ကျွန်တော့ကို ထားခဲ့၍ ကိုမင်းခိုင်တယောက်ထဲ ထွက်သွားသည်။
ညနေ မှောင်ရီပျိုးချိန်တွင် ကို မင်းခိုင် ပြန်ရောက်လာရာ တစုံတခု ထူးခြားချက် ရှိ သည်ကို တွေ့ရ၏။ သူက ကျွန်တော့ကို လက်ရပ် ခေါ်လိုက်သည်။ ထို့ကြောင့် ကျွန်တော် လှဲနေရာမှ သူ့ဆီထသွား မိ၏။
“ကိုရွှေကိတ်၊ ခင်ဗျားကို ကျွန်တော် အရေးကြီး တဲ့ စကားတခွန်း ပြောစရာရှိတယ်။ သေသေချာချာ နားထောင်ပြီး ဆုံးဖြတ်ပါ”
“ပြောပါ ကိုမင်းခိုင်၊ ကျွန်တော်နားထောင်နေ ပါတယ်” သူက နဖူးပေါ်မှ ချွေးများကို သပ်ချီလိုက်သည်။
“ဒီလိုဗျ၊ ဒီရွာမှာ ကျုပ်တို့အတွက် မကောင်း သတင်းတခု ကြားရတယ်။ ဘာလဲဆိုတော့ ကျွန်တော် ရှင်းပြမယ်။ ခု ကျွန်တော်ကို ရောက်နေတဲ့ နေရာဟာ ဘယ်လိုနေရာလဲဆိုတါ ခင်ဗျားသိတဲ့အတိုင်းဘဲ။ ပြည်မနဲ့ ဝေးခဲ့ပြီ။ နယ်စွန်နယ်ဖျားကို ရောက်နေပြီ။ ပြည်မဝေးတဲ့အတွက် ဥပဒေ အာဏာစက်လဲ တယ်ပြီး မသက်ရောက်လှဘူး ဘူးဗျ။ ရှင်းရှင်း ပြောရရင် ဒါ မွန်တော်လှန်ရေးနယ်မြေဘဲ။ မွန်တော်လှန်ရေး ကရင်တော်လှန်ရေး အစုံရှိတယ်။ မွန်တော်လှန်ရေး ဗိုလ်ကျော်လွင်အဖွဲ့လဲပါတယ်။ ဗိုလ်ကျော်လွင်ဟာ ကျွန်တော့်အပေါ် ဘယ်လို ရန်ညိုးထား တယ်ဆိုတာ ခင်ဗျားသိပြီးပြီဘဲ။ ခု-ကျွန်တော်တို့ လာမှန် သူသိသတဲ့ဗျ။ ရှေ့ဆက်ပြီး ကျွန်တော် ကိုခရီးဆက်လို့ သူ့ပိုင်နက်ထဲရောက်ရင် အန္တရာယ် တခုခုတွေ့ခဲ့သော် သူတာဝန်မယူဘူးတဲ့ဗျ။ ရှင်းရှင်း ပြောရရင် ကျွန်တော်တို့ကို ယဉ်ကျေးစွာချိမ်းချောက် နေတာဘဲ”
“သူကအရှည်ကြီး ပြောလိုက်ရသဖြင့် ခေတ္တအနား ယူလိုက်သည်။
ဤနေရာတွင် ကိုမင်းခိုင်အပေါ် မွန်သူပုန် ဗိုလ်ကျော်လွင် တို့၏ ရန်ညှိုးထားရခြင်း အကြောင်းကို ကျွန်တော် အနည်းငယ်ရေးရန် လိုအပ်လာသည်။
ကိုမင်းခိုင်သည် ရှေ့ပိုင်းတွင် ပါသည့်အတိုင်း မွန် ယဉ်ကျေးမှု သုတေသီတဦးဖြစ်၍ နွေရာသီ ကျောင်း ပိတ်ရက်များတွင် မွန်တို့ဒေသ အနှံ့အပြား ခရီး ထွက်ကာ ယဉ်ကျေးမှု စည်ပင်ရေးကို ဆောင်ရွက် သည်။ ၁၉၆၇ နွေက သူသည်ရေးမြို့နယ်“ဟံဂံ ”ရွာသို့ ရောက်ခဲ့၏။
ထိုရွာမှတဆင့် မွန်အငြိမ့်သီချင်းများကို ဂီတသင်္ကေတ ပြုစုရန်အတွက် “ပိုင်ကျုံ (အောက်ရွာ) ရွာသို့ ခရီးဆက်ခဲ့သည်။ ထိုရွာအနီး တွင် ဗိုလ်ကျော်လွင်တို တပ်စခန်း ချနေသည်။
ကိုမင်းခိုင် ပိုင်ကျုံရွာမှထွက်သွားပြီး နောက်တနေ့တွင် ဗိုလ်ကျော်လွင်ကို စခန်းကို တပ်မတော် စစ် ကြောင်းတခုက ဝင်တိုက်ရာ ဗိုလ်ကျော်လွင်၏ ညာလက်ရုံး ဗိုလ်တွတ်နှင့် လေးဦးကျဆုံးခဲ့ကြသည်။ ဤ သည်ကို ဗိုလ်ကျော်လွင်က လုံးဝအပြစ်ဆို၏။ ယဉ်ကျေးမှု သုတေသီဟန်ဆောင်ပြီး စုံစမ်းလာသော ထောက်လှမ်းရေးသမားအဖြစ်ယူဆကာ အမျက်ထား၏။ တွေ့ရာသင်းချိုင်း ဓါးမဆိုင်းဟုလည်း ကြေငြာ ထားခဲ့သည်။
စင်စစ်ယင်းအဖြစ်အပျက်သည် ထန်းသီးကြွေခိုက်၊ ကျီးပျံခိုက်မျှသာ ဖြစ်သော်လည်း ကျီးကန်းပျံ၍သာ ထန်းသီး ကြွေရသည်ဟု တဖက်သတ် ယူဆထားကြခြင်းသာ ဖြစ်၏။
“ကဲ….အခြေ အနေကို ခင်ဗျားလဲ ရိပ်စားမိ လောက်ပြီ။ ရှေ့ဆက်မဲ့ ကျုပ်ကို ခရီးမှာ အသက် အန္တရာယ် တွေ့ချင်တွေ့မယ်။ တွေ့ချင်တွေမယ် မဟုတ် ဘူးလေ၊ တွေဘို့များကို များတယ်။ ဒီတော့ကာ ကျွန် တော် ခပ်ရှင်းရှင်းပြောချင်တာက ခင်ဗျားကို အတင်း မခေါ်ချင်ဘူး။ သွေးဆောင်တဲ့ သဘောတောင် မလုပ်ချင်ဘူး။ လုပ်လဲ မလုပ်သင့်ဘူးလေ ဒါ ကျွန်တော့်စေတနာဘဲ။ ဒီတော့ ခင်ဗျားသဘောဘဲ၊ ဒီ ကနေ လှည့်ပြန်ချင်ပြန်နိုင်တယ်။ ဒါမှမဟုတ် ဒီရွာ မှာဘဲ ကျွန်တော်ပြန်လာတဲ့အထိ စောင့်ချင် စောင့် နေနိုင်တယ် ကြိုက်တဲ့လမ်းကိုရွေးပါ” နောက်ဆုံးစကားကို သူက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
ကျွန်တော်က သူ့ကို စိမ်းစိမ်းပြန်ကြည့် လိုက်၏။
“နေပါအုး၊ ခင်ဗျားကကော ဘယ်လိုဆုံးဖြတ် ထားသလဲ”
“ကျွန်တော်ကတော့ ဘာကြီးဘဲဖြစ်နေနေ ရှေ့ကို ခရီးဆက်မှာဘဲ”
“ရှင်းနေတာဘဲ ကိုမင်းခိုင်ရာ၊ ကျုပ်အကြောင်း လဲ ခင်ဗျားသိတဲ့အတိုင်းဘဲ။ ပြန်လဲမပြန်ဘူး။ ဒီမှာ လဲစောင့်မနေနိုင်ဘူး။ ဒီမှာဗျ ကိုမင်းခိုင်၊ ခင်ဗျား ပြောလိုက်တဲ့စကားဟာ ကျုပ်ကို စော်ကားလိုက်တဲ့ သဘောပါနေတယ်။ ခင်ဗျားကို ခင်ဗျားလဲ သူရဲ ကောင်းကြီးလို့ တယ်ပြီး ထင်မနေနဲ့အုံး။ ကျွန် တော်လဲဒီမွန်ကျောက်စာ မွန်ဂီတဆရာကြီးဆိုတာ ကို စိတ်ဝင်စားလွန်းလို့ ကိုယ် ဆုံးဖြတ်ချက်နဲ့ ကိုယ် ထွက်လာတာဘဲ။ ဒီစကားမျိုး နောက်ထပ် မပြောစမ်းနဲ့ဗျာ”
“ဒီလိုရှိတယ်ဗျာ … ဒီအသက်အန္တရာယ် ရှိနိုင် တယ်ဆိုတဲ့ကိစ္စဟာ ကျွန်တော်ကြောင့် ဖြစ်ပေါ်လာမဲ့ အန္တရာယ်ကို ခင်ဗျားက ကြားထဲက မဆီမဆိုင် ကြုံတွေ့မှာကို ကျွန်တော့်အနေနဲ့ မလိုလားမိတာ အ မှန်ဘဲ။ ဒါလဲ ခင်းဗျားကို စေတနာနဲ့ ပြောတာဘဲ၊ ခင်ဗျားသဘောပါဘဲ” သူက လေအေးဖြင့် ရှင်းပြလိုက်သည်။
ဒီမှာ ကိုမင်းခိုင်၊ ခင်ဗျားလဲယောက်ျား။ ကျုပ်လဲယောက်ျားဘဲ။ မွန်ယဉ်ကျေးမှုကို ခင်ဗျားမြတ်နိုး သလို ကျွန်တော်လဲ မြတ်နိုးတာဘဲ။ ဒီကိစ္စအတွက် ခင်ဗျားစွန့်စားရဲရင်၊ ကျုပ်လဲ မစွန့်ရဲစရာ ဘာရှိလဲ။ ခင်ဗျားနဲ့ ဆိုရင် “ဒဵုပရောင်” မကဘူး။ ငရဲပြည်လဲ – သွားမှာဘဲ” ကျွန်တော်က စိတ်အားတက်ကြွစွာပြောလိုက်၏။
သူက ကြည်လင်ရွှင်ပျစွာရပ်လိုက်ပြီး ကျွန်တော် ပုခုံး ကို လှမ်းပုတ်လိုက်၏။
“အေးဗျာ….ကျွန်တော် စကားများ အမှားပါရင် ခွင့်လွှတ်ပါဗျာ၊ စင်စစ်ပြောရရင်၊ ခင်ဗျားပါမယ်ဆို ဘာဖြစ်ဖြစ် ကျွန်တော်မကြောက်ပါဘူးဗျာ”
ထိုညနေတွင် “ကွမ်တာ” ရွာကလေး၌ ဂီတပွဲ တခုကို ကျွန်တော်တို့ ကျင်းပ ပေးပါသည်။ ကျွန်တော်က မယ်ဒလင်တီး၍ ကိုမင်းခိုင်က တရောထိုး သည်။ အထူး ကျွမ်းကျင်သူများ မဟုတ်သော်လည်း တောရွာကလေးတွင် စိုပြေအောင် တီးမှုတ် နိုင်ကြ သည်။ တယောက်တလှည့်စီ သီချင်းဆိုရသည်။ သူ ကြီးအိမ်တွင် အောက်လင်း မီးအိမ်တလုံး အလင်းရောင်ဖြင့် ပရိသတ် အတော်စည်ကားသည်ကို တွေ့ ရသည်။
သူတိုရွာကား တောနက်ကျ၏။ မြို့နှင့် အ လှမ်းကွာသဖြင့် ပွဲဆိုသည်မရှိ။ ရုပ်ရှင်ကို မမြင်ဘူးကြ။
ထိုညတွင် ကျွန်တော်တို့ ဆိုခဲ့တီးခဲ့ကြသော သီချင်းကားစုံလှ၏။ ရှေးဟောင်း မွန်သီချင်း ကျေးလက်သီချင်း မြန်မာ သီချင်းကြီးအချို့နှင့် ကာလ ပေါ်တေးများဖြစ်သည်။ “တကြောမှောင်ပြာ” နှင့် “မြိုင်တန်းမှောင်ဝေ” ကရင်ဩများကိုလည်း သူတို့ သဘောကျကြပါသည်။
ညနက်မှပင် ဂီတပွဲကို ရပ်နားရပါသည်။
(၅) သွေးလွှမ်းသော ခရီး။
ကွမ်တာရွာက ကျွန်တော်တို့ကို အကြိမ်ကြိမ်တား မြစ်ကြပါသည်။ ရှေ့ဆက်မည့် ခရီးတွင် ဗိုလ်ကျော် လွင်တို့တပ် စိုးမိုးနေသည့် အကြောင်းနှင့် ခရီးဆက် ခဲ့လျှင် သူတို့ပိုင်နက်ထဲ အလိုလို ရောက်သွားမည်ဖြစ်ကြောင်းဖြင့် အထပ်ထပ် သတိပေးကြပါသည်။
သူတို့၏စေတနာကို ကျွန်တော်တို့ လေးစား ပါသည်။ သိုသော် ထိုရွာတွင်နှစ်ရက်မျှနားပြီး ကျွန်တော်တို့ ခရီးဆက်ကြ၏။ တောတောင်တိုသည် ပို၍ နက်ရှိုင်းမြင့်မားလာ ၏။ လူနေအိမ်ခြေများလည်း အလှမ်း ကွာလှသည်။ တွေ့ခဲ့ရသော တောတောင်ယာ တဲကလေးများလည်း တခုနှင့်တခု အလှမ်း ကွာလွန်းသည်။
တလမ်းလုံး ခရီးသည်ဟူ၍ ကျွန်တော်တို့နှစ်ယောက်ထဲ။ နေကလဲပူလွန်းသည် ထင်မိ၏။ လမ်းတွင် အရိပ် ကောင်းသော သစ်ပင်ကြီးများ တွေရတတ်သော် လည်း ခရီးတွင်ရန်အတွက် နားချိန်ကောင်းစွာမပေး။ ဆက်ပြီး ဆက်ရင်းဖြင့် ခရီးနှင်ကြ၏။ ထို့ကြောင့် လည်း ကျွန်တော်တိုတကိုယ်လုံး ချွေးများ ဖုံများဖြင့် ရွှဲရွှဲစိုလျက် ညစ်ပတ်ပေရေလှ၏။ တခုကောင်းသည် မှာ မိုးချုပ်သောအခါ နားနေရန် ရွာကလေးတရွာ တွေ့ရသောကြောင့် ဖြစ်၏။
နောက်တနေ့ နံနက် စောစောထ၍ ခရီးဆက်ကြ ပြန်ရာ နေညိုချိန်တွင် “ကျိုက်ဒေး” ခေါ် မွန်တော ရွာကလေးတရွာသို ရောက်ခဲ့ပြန်သည်။ ဘုန်းကြီး ကျောင်းတွင် ဆွမ်းကျန်ထမင်းကျန်များ တောင်းစား ပြီး ကျောင်းပေါ်တွင်ပင် အနားယူကြသည်။
ကျွန်တော်သည် ရက်ပေါင်းများစွာ ဖြတ်သန်း လာသော ခရီးကြမ်း၏ဒဏ်ကြောင့် ကြမ်းပြင်နှင့် ဦး ခေါင်းထိသည်ဆိုလျှင်ပင် ချက်ချင်း အိပ်မောကျသွား တော့သည်။ အိပ်မက်ထဲတွင်ပင် တတောဝင် တယောင် မကျော်ဖြင့် ခရီးသွားနေသည်ဟု ဖြစ်နေ လိုက်သေးသည်။ မည်မျှ ကြာသွားသည်မသိ။ ဆူညံသော အသံ ကြောင့် ကျွန်တော် လန့်နိုးလာသည်။ အမှောင်ပင် စိုးမိုးနေချေပြီ။
ဘုန်းကြီးကျောင်းဝင်းထဲသို ရွာသား တစုဝင်လာကြသည်။ သူတို့သည် သွေးအလိမ်းလိမ်း ဒဏ်ရာ ရလာသော ကိုမင်းခိုင်ကို သယ်ယူလာခြင်း ဖြစ်သည်။ ကျွန်တော်က စိုးရိမ်ကြီးစွာ သွားကြည့် မိသည်။ မျက်နှာတခုလုံး ညိုမဲ ဖုယောင် ပေါက်ကွဲလျက် မြင်မကောင်းအောင် ဖြစ်နေ၏။ တကိုယ်လုံးလည်း သွေးတို့ဖြင့် ချင်းချင်းနီနေ၏။ ညာဘက်မျက်လုံးမှာ လုံးဝ ပိတ်သွားလုနီးမျှ မဲယောင်နေ၏။ နဖူးတွင်လည်း ဟက်တက်ကွဲနေ၏။ ပါးစပ်မှလည်း သွေး များတစက်စက်ကျနေ၏။
သိုသော် အာဂကိုမင်းခိုင် ပင်။ သတိမလစ်သေး။ ဝဲဘက်မျက်စိတလုံးဖြင့် ကျွန်တော့ကို ရှာဖွေနေသည်။ သူ့ ကိုကျွန်တော်တို့ကြမ်းပြင်ပေါ်တွင် လှဲထားသည်။
“ရွာပြင် စေတီနားမှာ သူတယောက်ထဲရှိနေတုံး သူပုန်တွေလာပြီး ထိုးကြိတ် ကန်ကျောက် ရိုက်နှက်သွားတာဘဲဗျ။ ကျွန်တော်တို့လဲ မြင်တော့ မြင်တယ်၊ ဘာမှမလုပ်နိုင်ဘူး။ သူတို့ပြန်သွားမှဘဲ သူ့ ကို ကျောင်းလာပို့ ပါဘဲ” ရွာသားကြီးတယောက်က ရှင်းသည်။
ကျွန်တော် နှင့် ကိုမင်းခိုင်တို့သည် တဦးကို တဦး အဓိပ္ပါယ်ပါပါ ကြည့်မိကြသည်။
“ကိုရွှေကိတ်……ကျွန်တော့အိတ်ထဲမှာ တင်ချာတို ဂွမ်းတို့ ရှိတယ်ဗျာ” သူက အားစိုက်ပြောလိုက်သော်လည်း တိုးတိတ် လွန်းသည်။ ပြင်းထန်သော ဒါဏ်ရာ ဒါဏ်ချက်တို့ ကြားမှ ဤမျှ ပြောနိုင်သည့်အတွက် ချီးကျူးဘို့ပင် ကောင်းသည်။
ထိုအခါမှပင် ကိုမင်းနိုင်၏ အိမ်သုံး ဆေးများဆောင်ထားခြင်းကို သတိရမိသည်။ သူ၏ အိတ်တွင် သွားလေရာ အိမ်သုံးဆေးများ ယူဆောင် တတ်ပြီး တောရွာမှ လူများကို မကြာမကြာ ပေး ကမ်းတတ်သည်။ ယခု သူဆောင်လာသော ဆေးဝါးများကို သူ့အတွက် အသုံးချရတော့မည်။
ကျွန်တော်သည် ရွာသူရွာသားများ အကူအညီ ဖြင့် သူ၏ဒါဏ်ရာများကို ရေနွေးဖြင့် ဆေးကြောပြီး ဆေးဝါးများ ထည့်ပေးရသည်။ ခေါင်းတွင် နေရာ အနှံ့ ပတ်တီးစီးပေးရသည်။ မျက်နှာတွင်လည်း ပလာ စတာအပြည့်။ အဆိုးဆုံးကား ညာဘက် ခြေသလုံး ဖြစ်သည်။ သူ မြေပြင်ပေါ်သိုလဲအကျ စစ်ဖိနပ်ဖြင့် အကြိမ်ကြိမ် ဆောင့်နင်းခဲ့သောကြောင့် ယောင်ကိုင်းနေ၏။ ရွာ သားတယောက်က ကြပ်စီးပေးရ၏။
သူ့အား ပြုစုပြီးသောအခါ ကျွန်တော်ကိုတတွေ အတော် မောသွား ကြသည်။ ကို မင်း ခိုင်မှာမူ ထိပ် ပျော်သည်လား၊ မေ့မြော သွားသည်လား မပြော တက်။ အသက်မှန်မှန် ရှူနေသဖြင့် ကျွန်တော် စိတ် အေးသွားမိသည်။ သူရခဲ့သော ဒါဏ်ရာမှာ မြို့တွင်ဆိုလျှင် အနည်းဆုံး နှစ်ပတ်ကျော်မျှ ကုသ အနားယူရမည် ဖြစ်သည်။
နောက်တနေ့တွင် သူ အဖျားကြီး ဖျားတော့၏။ ခရီးပမ်းလာသည့်ဒါဏ်၊ သူပုန်တို့၏ နှိပ် စက်မှု ဒါဏ်တို့ကြောင့် တကိုယ်လုံး ကိုက်ခဲ့နေသည် ဆို၏။ အပူချိန်ကလည်း တရှိန်ရှိန် တက်နေ၏။ ဘုန်း တော်ကြီးနှင့် ရွာသားများက ဂရုတစိုက် ပြုစုပေးကြ ပါသည်။ တောဖြစ်ဆေးမျိုးစုံလည်း ယူလာကြသည်။ အစားအစာ များလည်း ကောင်းနိုးရာရာ ပို့ကြ၏။
ကိုမင်းခိုင် ဆောင်လာသော ဆေ ဆေးများ အစွမ်း ကြောင့်လား။ ရွာသားများ၏ ဆေးစွမ်းကြောင့်လား မပြောတတ်။ သုံးရက်ကြာသောအခါ အဖျားကြ၏။ လူလည်း အတော်အသင့် ထနိုင် ထိုင်နိုင်လာ၏။
လွန် ခဲ့သော သုံးရက်အတွင်းကမူ လုံးဝ ထမရ။ အစာ များ စားသောက်လာနိုင်သဖြင့် လူလည်းတဖြေးဖြေး အားပြည့်လာ၏။ သူ ကျန်းမာလာသည် တွေ့ရလျှင် ကျွန်တော် အထူးအားတက်မိသည်။
စတုတ္ထမြောက်ရက်တွင် သူကခရီးဆက်ရန်စကား စလိုက်၏။ သူ့အခြေအနေမှာ ခရီးဆက်ရန် လုံးဝ မသင့်ပါ။ အထူးသဖြင့် ခြေ သ လုံးဒါဏ်ရာမှာ ကောင်းစွာ မပျောက်သေး။ ယောင်ကိုင်းလျက်သာ ရှိသေး၏။
ထို့ကြောင့် ဤအခါတွင် ကျွန်တော်က တဖန်တလှည့် တားရမည် မဟုတ်ပါလား။ ့ “ဒီတခါတော့ ကျုပ် ခင်ဗျားကို တားရမှာဘဲ ကို မင်းခိုင်။ ခင်ဗျားအခြေအနေဟာ ခရီးဆက်ဘို လုံးဝ မကောင်းဘူးဗျာ။ ခင်ဗျား ဒီမှာ နားဘို သင့်တယ်။ နောက်ပြီး အန္တရာယ်ဟာ ဒါ ပဏာမ သဘောကို ပြနေတာဘဲ။ ရှေ့ဆက်ပြီး ဘယ်လိုလာအုံးမလဲ မသိ သေးဘူး။ ဒီတော့ ကျုပ်တိုရဲ့ အကြံကို လက်လျှော့ ရင် ကောင်းမယ် ထင်တယ်” သူက ခေါင်းကို တွင်တွင်ကြီး ခါပြလိုက်၏။
“ဒီစကား ထပ်မပြောစမ်းနဲ့ဗျာ။ ကျွန်တော့မှာ ဒါဏ်ရာဒါဏ်ချက်တွေ ရှိတယ်ဆိုပေမဲ့ ဒါအပေါ်ယံ ဘဲ။ ကျွန်တော့စိတ်ထဲမှာ နည်းနည်းမှ မယိမ်းမယိုင် ပါဘူးဗျာ။ ဒီလိုဖြစ်လေ… ပိုပြီး သွားချင် လေဘဲ။ ကျောက်စာတိုင်နဲ့ ဂီတဆရာကြီးဟာ ကျွန်တော်တို့ကို စိမ်ခေါ်လိုက်ပြီလို့ ကျွန်တော် ယူဆထားတယ်။ ဒါ လောက် ရှည်ဝေးတဲ့ ခရီးကြမ်းကြီးကို ဖြတ်လာပြီးမှ လက်တကမ်းအလိုမှာ ခြေလှမ်းကို ရပ်လိုက်ရမှာ အ သဲနာလွန်းတယ်။ အန္တရာယ်တွေ ဘယ်လိုဘဲဆီးဆီး တားတား ကျွန်တော်တို့ ခြေလှမ်းတွေကိုတော့ ရှေ့ ဆက်ပြီး လှမ်းရမှာဘဲ။ ဒီတော့…ကျွန်တော့အတွက် လမ်းလျှောက်တုတ်ကောက်ကလေးတခုသာ အမြန် ခုတ်ပေးစမ်းပါဗျာ”
ကျွန်တော် ဘာပြောရမည်နည်း။ ကျွန်တော် ဘာ လုပ်နိုင်မည်နည်း။ ရှေ့သို ခရီးဆက်ရန် သူ မည်မျှ စိတ်ထက်သန်သည်ကို ကျွန်တော် အသိဆုံး။ သူ့ကို တားလို့ ရမည် မဟုတ်ကြောင်းကိုလည်း ကျွန်တော် အသိဆုံး။ ထို့ကြောင့် သူ့အတွက် လမ်းလျှောက် တုတ်ကောက်တခုကိုသာ စီမံပေးရတော့သည်။
-ဆက်ရန်