ယခုနှစ်ငါးဖမ်းရာသီကာလ၌ ကျိုက်ခမီပင်လယ်ပြင်နှင့် ရေးမြို့နယ်အတွင်း လိုင်စင်မဲ့ငါးဖမ်းလုပ်ငန်းများ အထူးသဖြင့် ကျားဖောင်ကြောင့် ရေလုပ်သားများ၏အခွင့်အရေးနှင့် ရပိုင်ခွင့်ဆုံးရှုံးနေရကြောင်း ဒေသခံရေလုပ်သားများထံက သိရသည်။
လိုင်စင်မဲ့ငါးလုပ်ငန်းရှင်များ၏ ပေးစာကမ်းစာများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေတပ်မှတာဝန်ရှိသူတို့ လက်ခံရယူပြီး ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ ကမ်းဝေးစက်လှေကြီးများအပြင် ကျားဖောင်များဖြင့် လိုင်စင်မဲ့ငါးဖမ်းခွင့်ပြုထားသည်ကို သိရကြောင်း ရေလုပ်သားဟောင်းတစ်ဦးက ပြောကြားသည်။
၄င်းက “လိုင်စင်မဲ့လှေတွေနဲ့ ကျားဖောင်တွေ အမြဲရှိနေကြတယ်၊ ပိုင်ရာဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီးထွက်ကြတယ်၊ အဲ့ဒီအတွက် ဥပဒေနဲ့အညီလုပ်တဲ့လှေရှင်တွေ အတော်နစ်နာတယ်၊ နောက်ပြီး နှစ်တိုင်းလိုလို လိုင်စင်နဲ့လှေတွေတောင် ပြဿနာတွေက တစ်ခါတစ်ခါမျိုးမျိုးဖြစ်နေကြတော့ လိုင်စင်မဲ့လှေတွေပေါ်က ရေလုပ်သားတွေ အတွက်ကတော့ စောင့်ရှောက်မှုကင်းမဲ့သလိုဖြစ်နေတယ်”
ရေးမြို့နယ်ရှိ ငါးလုပ်ငန်းအနေဖြင့် ရွှေ့ပြောင်းလုပ်သားများကို အဓိကအားကိုးနေရပြီး ရေလုပ်သားအကျိုးဆောင် သီးသန့်မရှိခြင်းအတွက် လုပ်ငန်းရှင်တို့နစ်နာမှုရှိသလို လက်ရှိစစ်အာဏာသိမ်းကာလတွင် ရေလုပ်သားအခွင့်ရေးအတွက် အကျိုးဆောင်ပေးမည့် လူမှုအဖွဲ့အစည်းလည်းမရှိတော့ကြောင်း သိရသည်။
ရေလုပ်ငန်းရှင်တစ်ဦးက “ရေလုပ်သားလိမ်လို့ ကြိုတင်ငွေတွေ ဆုံးရှုံးရတာမျိုးရှိတယ်၊ ဥပဒေနဲ့အညီလုပ်ကိုင်တာကြောင့် သက်ဆိုင်ရာက သူတို့တစ်ခုခုလိုတာရှိရင် လိုင်စင်ရှိ လှေတွေကိုပဲ တောင်းတယ်၊ လိုင်စင်မဲ့ လှေတွေကတော့ ရေတပ်၊ ငါးလုပ်ငန်းတို့ ပေးထားရင်အဆင်ပြေပြီ၊ ကျနော်အများကြီးနစ်နာတယ်၊ တရားဝင် လုပ်ငန်းရှင်တွေအတွက် ရေလုပ်သားအရေးဖြေရှင်းစောင့်ကြည့်ပေးတဲ့ အရင်ကလို အရပ်ဖက်အဖွဲ့အစည်တွေကလည်း ခုခေတ်မှာ မရှိကြတော့ အားလုံးနစ်နာနေရတယ် ” ဟု ပြောကြားသည်။
ရေးမြို့နယ်အတွင်း ကမ်းဝေးငါးဖမ်းလုပ်ငန်းတွင် လုပ်ငန်းရှင် ၂၀၀ ဦးခန့်နှင့် ကမ်းနီးလုပ်ငန်းတွင် ၃၀၀ ဦးခန့်၊ ရေလုပ်သား ၂၀၀၀ ကျော်၊ ကျိုက်ခမီမြို့တွင် ကမ်းနီးကမ်းဝေးလုပ်ငန်းရှင် ၁၀၀ ဦးခန့် ရေလုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေကြသလို မွန်ပြည်နယ်ပင်လယ်ပြင်အတွင်း ကျားဖောင်များ ထောင်နှင့်ချီရှိနေပြီး ငါးပုဇွန်ထုတ်လုပ်မှုစျေးကွက်အမြင့်ဆုံးနေရာဟု သိရသည်။၊
ယမန်နှစ် အောက်တိုဘာလတွင် ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းကို ကော်ဖီဆိုင်တဆိုင်၌ ရေးဘီးလူးအဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။
Photo- မွန်ပြည်နယ်ငါးဖမ်းလုပ်ငန်းခွင်