၁၉၇၁-၇၂ တက္ကသိုလ် မွန်မဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော်
လောကဓံနှင့် အားမာန်
စာပေယဉ်ကျေးမှုအနုပညာဆိုသည်မှာ ကြာလေကောင်း၍ ဟောင်းလေသစ်လေပင် ဖြစ်သည်။ အဟောင်းအဟောင်းတို့သည် ချုပ်ငြိမ်း၍ အသစ်အသစ်တို့ ဖြစ်ပေါ်လာသည်မှာ မှန်သော်လည်း၊ စာပေ ယဉ်ကျေးမှုအနုပညာတွင် အဟောင်းအဟောင်းတို့သည် အနှစ်ဖြစ်၍ အသစ်အသစ်တို့က ကိုးကားသမှု ပြုခဲ့ကြရသည်။
ဤသို့ ကျမ်းကိုးသမှုပြုခဲ့ရသောကြောင့် အသစ်အသစ်သော စာပေယဉ်ကျေးမှု အနုပညာတို့သည် တိုးတက်၍လာခဲ့သည်။ ထို့ကြောင့် စာပေယဉ်ကျေးမှု အနုပညာတို့သည် ကြာလေကောင်း၍ ဟောင်းလေသစ်လေဟု ဆိုခဲ့ခြင်းဖြစ်သည်။ အဟောင်းဟောင်းသော စာပေယဉ်ကျေးမှုအနုပညာတို့ကို မေ့ပျောက်ပစ်ပယ်ပြီး အသစ်သစ်သော စာပေယဉ်ကျေးမှု အနုပညာတို့ကိုသာ ချီးမွမ်းထောပနာပြုမည်ဆိုလျှင် ရှယ်ဘွယ်လိလိပင် ဖြစ်သည်။
မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုအနုပညာသည် ဤပြည်ထောင်စု နယ်နိမိတ်တွင်းတွင် အေဒီ ၆ ရာစုကပင် ပေါ်ထွန်းခဲ့သည်မှာ သမိုင်းအထင်အရှားပင်ဖြစ်သည် ဤပြည်ထောင်စုပြင်ပ၌ အေဒီ ၆ ရာစုမတိုင်မီက မွန်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာသည် မည်မျှ ကျယ်ပြန့် ထွန်းကားခဲ့ ကြောင်းကို သမိုင်းသုတေသီများ အသိပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ သမိုင်းတွင် ပြီးသောအခါ၌ မွန်စာပေနှင့် ယဉ်ကျေးမှုအနုပညာတို့သည် မြန်မာစာပေ ယဉ်ကျေးမှုအနုပညာ၏ အခြေခံဖြစ်ပြီး၊ တိုးတက်ထွန်းကားအောင် ပမိုးပေးခဲ့သည်ဟုဆိုလျှင် မှားအံ့မထင်ပေ။ သင်္ခါရသဘောအရ အဟောင်း ဟောင်းတို့သည် ချုပ်ငြိမ်းခဲ့ရစမြဲပင်ဖြစ်သည်မှာ သဘာဝပင်။
ဤတွင် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုအနုပညာသည် အပြီးအပိုင် ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ဖွံ့ဖြိုးရှင်သန်ကြီးထွားရန်အတွက် အမြဲတန်း အားယူလျက်ပင်ရှိသည်။ အပြီးပိုင် ချုပ်ငြိမ်း အောင် မည်မျှပင် သမိုင်းဒဏ်ခံရစေကာမူ ရှင်သန်အားယူလျက်ရှိသည်မှာ မွန်စာပေနှင့်ယဉ်ကျေးမှု အနုပညာ၏ အခြေခံရင်းမြစ် ခိုင်မြဲ တည်တံ့လွန်းသောကြောင့်ဟု ဆိုရမည်။ သမိုင်းသုတေသီတို့၏ သမိုင်းအမြင်အရ သမိုင်းသည် အတက်ရှိသကဲ့သို့ အကျသည်လည်း ရှိရသည်။ စက်ဝိုင်း ပုံသဏ္ဍာန် အနေဖြင့် သမိုင်းအတက်အကျကို မြင်ခဲ့ကြသည်။
သမိုင်းနှင့်အတူ မွန်စာပေယဉ်ကျေးမှုအနုပညာ သည်လည်း အတက်အကျ ရှိခဲ့ရသည်။ လောကဓံနှင့်အတူ ရန်သူမျိုး ငါးပါးတို့၏ လောကဓံကြောင့် မွန်တို့၏ဒေသတွင် မွန်စာပေယဉ်ကျေးမှု အမွေအနှစ်အဖြစ် ညွှန်ပြစရာ ကျောက်စာတိုင် အချို့နှင့် စေတီပုထိုး အချို့မှလွဲ၍ မကျန်ရစ်ခဲ့သည်မှာ ဝမ်းနည်းဘွယ်ပင်ဖြစ်သည်။ ဤမျှဆိုလျှင် လောကဓံ မည်မျှခံစားရကြောင်းကို ခန့်မှန်းနိုင်လိမ့်မည်။
ထို့ကြောင့် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှု အနုပညာ အမွေအနှစ်ကို လေ့လာလို၍၎င်း၊ ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်လို၍၎င်း၊ မွန်လူမျိုးတို့က အမွေအနှစ်ပေးခဲ့သော ပုဂံခေတ် စာပေနှင့် ယဉ်ကျေးမှုအနုပညာ လက်ရာဖြစ်သည့် ကျောက်စာ၊ မင်စာ၊ အုဋ်ခွက်စာ၊ ဆေးရေးပန်းချီနှင့် ဘုရား၊ ဂူ၊ ကျောင်းများမှ အနုသုခုမလက်ရာများကို ပြန်လည်လေ့လာမှသာလျှင် ပိုမိုပြည့်စုံသော မွန်စာပေ၊ ယဉ်ကျေးမှုအနုပညာလက်ရာ ဖြစ်လာမည်။
မွန်လူမျိုးတို့အနေနှင့် မိမိတို့သည် လောကဓံ၏လှိုင်းတံပိုးဒဏ်ကို ခံရသဖြင့် စိတ်လျော့အား ငယ်ရန်လည်း မလိုပါ။ ထို့ပြင် မိမိလူမျိုးသည် စာပေ ယဉ်ကျေးမှု အနုပညာအရာ၌ ထွန်းလင်း တောက်ပြောင်ခဲ့ပြီး အုဋ္ဌ်မြစ်ခိုင်မြဲပါသည်ဟု ရွှေထီးဆောင်းခဲ့သည်ကို တမ်းတပြီး ကျေနပ် နှစ် သိမ့်နေ၍လည်း မဖြစ်ပေ။
ယနေ့ ကမ္ဘာတွင် တိုးတက်နေသော လူမျိုးကြီးတို့သည် မိမိတို့၏ သမိုင်း၊စာပေ၊ယဉ်ကျေးမှု အနုသုခုမပညာ မည်မျှပင် ခိုင်မြဲတည်တံ့ပါစေ။ မည်မျှ တည်တံ့ခိုင်မြဲကြောင်းကိုပင် ပြသရန်နှင့် အဓွန့်ရှည်စွာ တိုးတက်သွားရန်အတွက် သမိုင်း၏ ခိုင်ခန့်ကြောင်းကို သမိုင်း သုတေသန ဌာန၊ ရှေး ဟောင်း သုတေသနလုပ်ဆောင်ချက်တို့က ပြသနေသည်။
စာပေတည်တံ့ တိုးပွားရန်အတွက် ခိုင်မြဲသော အဘိဓါန်၊ သဒ္ဒါကျမ်း ဖြစ်မြောက်အောင် နိုင်ငံနှင့်အဝှမ်း စာပေ ကော်မီရှင်များ ဖွဲ့၍ပင် ကြိုးပမ်း နေကြပါသည်။ မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှု အနုသုခုမပညာတို့သည် မည်သည့် အခြေသို့ ရောက်နေ သည်ကို ဆန်းစစ်ရန် လိုသည်။
မွန်စာပေသည် ရွာဦးကျောင်းနှင့် အမျိုးသား စာကြည့်တိုက်တွင်သာ ပြစရာအဖြစ် ကျန်နေပြီလော။ မွန်အနုသုခုမသည် နိုင်ငံတော်ပြတိုက်နှင့် ဝါသနာအလျောက် ထိန်းသိမ်းထားသော လူတစုတွင်သာ ကျန်ရှိနေပြီလော ဆန်းစစ်ရန်လိုသည်။
မွန်စာပေနှင့် ယဉ်ကျေးမှု ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ရေး၊ တိုးတက် ခိုင်မာ ကျယ်ပြန့်ပွားရေးတို့သည် မွန် လူထုပေါ်တွင် များစွာတည်နေသည်။ ဥစ္စာရင်လို ဥစ္စာရင်ခဲသဘောပင် ဖြစ်သည်။ မိမိတို့ကိုယ်တိုင် စတင်လုပ်ဆောင်မှသာလျှင် တိုးတက်ခိုင်မြဲလာမည်ကို ပညာရင်နို့သောက်စို့နေကြသော တက္ကသိုလ် ကျောင်းသား ကျောင်းသူများက ယုံကြည်ကြသည်။
ဤသို့ ယုံကြည်ကြသည့်အတိုင်း ပြည်ထောင်စုသား တိုင်းရင်းသားများ နည်းတူ တိုင်းရင်း သားအလိုက် မိမိတို့၏ နယ်မြေဒေသတွင် မိမိ၏ ဘာသာစာပေ သင်ကြားနိုင်ရေး၊ စာအုပ် ထုတ်ဝေ နိုင်ရေး၊ အနုသုခုမပညာကို ခုံမင်ကာ လိုက်စားလာရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံကို လိုက်နာ ကျင့်ကြံ သွားနိုင်ရေးအတွက် မမှိတ်မသုန်လုပ်ဆောင်သွားနိုင်ရန် သံဓိဋ္ဌာန်ချမှတ်သည်။
ဤကဲ့သို့ မွန်လူလ တရပ်လုံးကလည်း မမှိတ်မသုန် လုပ်ဆောင်သွားနိုင်မည်ဆိုလျှင် ပြည်ထောင်စု မြန်မာနိုင်ငံတွင် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုသည် မနှေးအမြန် ပေါ်ထွန်းလာမည်မှာ အမှန်တည်း။
စာတည်းအဖွဲ့