ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့်ဆက်သွယ်ပြီး ထောက်ပို့လုပ်နေသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသော ရေးမြို့ခံ (၆) ဦးတို့အား မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်က ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ ယောက်ျားလေးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီးနောက်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် နောက်ထပ် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးထပ်မံဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ၎င်းတို့အား စကခ – ၁၉ တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ကြောရေးလုပ်ဆောင်လျက်ရှိရာ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။
“ဖမ်းဆီးခံထားရသူတွေက ကိုအောင်မောင်း၊ ကိုအေးမင်းလတ်၊ ကိုဘိုဘို နဲ့နောက်ထပ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးလို့ သိရတယ်။အားလုံးကိုတော့ PDF နဲ့ ဆက်သွယ်ပြီး ထောက်ပို့လုပ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ဖမ်းဆီးခံရတာလို့ ကြားသိရပါတယ်” ဟု ပြောကြားသည်။
ရေးမြို့အတွင်း ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်၊ ရဲ၊ ပြည်သူ့စစ် နှင့် အုပ်ချုပ်ရေးအပိုင်းအား တာဝန်ယူထားသူများမှ လုံခြုံရေးအရဟုဆိုကာ ဧည့်စာရင်းစစ်ခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းများလုပ်ဆောင်လျှက်ရှိကြောင်းလည်း ရေးဒေသခံများက ပြောကြားချက်များအရ သိရသည်။
ထိုသို့စစ်ဆေးစဉ် ရွှေ့ပြောင်းလုပ်သားများဖြစ်ပါကလည်း ဖမ်းဆီးကာ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်ပြီး စစ်မှုထမ်းခိုင်းသည့်အခြေအနေမျိုးလည်းရှိကြောင်း ဒေသခံများက ဆိုသည်။
ရေးမြို့နယ်အတွင်း ဌာနဆိုင်ရာများမကြာခဏတိုက်ခိုက်ခံရခြင်း၊ စစ်တပ်၊ ရဲ၊ ဝန်ထမ်းများ နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ မကြာခဏ လုပ်ကြံရှင်းလင်းခံရသည့်အတွက် (၂၀၂၃) ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့မှ စတင်ကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးကြောင်း စစ်ကောင်စီ မှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ထို့အပြင် ရေးမြို့နယ်အတွင်း ည (၆) နာရီမှ နောက်တစ်နေ့နံနက် (၆) နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အပြင်၊ မော်တော်ဆိုင်ကယ်အား အမျိုးသားနှစ်ဦးမစီးရန် မော်တော်ဆိုင်ကယ်စီးနင်းကြသူများလိုက်နာရမည့် ဒေသန္တရအမိန့်လည်း ထုတ်ပြန်ထားသည်။
Photo-ရေးမြို့