မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းနေသည့်အတွက်ကြောင့် ကျိုက်ထိုမြို့ပေါ်ရပ်ကွက်တချို့တွင် ရေကြီးရေလျှ့မှုများဖြစ်ပေါ်နေကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
ကျိုက်ထိုမြို့ပေါ်ရှိ ကော့စနိုင်ရပ်ကွက်၊ အေးရိပ်ငြိမ်ရပ်ကွက် အရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ မြောက်ပိုင်းရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်နှင့် ဇေယျာမွန်တိုးချဲ့ရပ်ကွက် အစရှိသည့် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက ပြောကြားသည်။
၄င်းက “မနေ့(စက်တင်ဘာလ (၁၀) ရက်) ညနေ (၄) နာရီအချိန်လောက်ကစပြီးတော့ ရေကတက်လာတယ်။ အဓိကက တောင်ကျရေဆင်းလာလို့ပါ။ အနိမ့်ပိုင်းမှာနေထိုင်နေကြသူတွေကို အားချင်းရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။ ဒီမနေက်မှာတော့ ရေကတော်တော်များသွားပြီး။ မိုးကလည်းဆက်ရွာနေတုန်းပါဘဲ” ဟု ပြောကြားသည်။
လတ်တလော ရေဘေးရှောင်ပြည်သူများအနေဖြင့် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်နေကြကြောင်း၊ ယာယီရေဘေးရှောင်စခန်းများလည်း ဖွင့်လှစ်သွားမည်ဟု သိရကြောင်း ၎င်းမြို့ခံက ဆိုသည်။
ရေဘေးသင့်ပြည်သူများအတွက် ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
အလားတူ ဘီးလင်းမြစ်ရေမှာ ယနေ့စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၆) နာရီအချိန်တိုင်းထွာချက်များအရ ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၁၀၂၂) စင်တီမီတာအောက် (၁၀၀၉) စင်တီမီတာသို့ ရောက်ရှိနေသည်။
ထိုအခြေအနေကြောင့် ဘီးလင်းမြစ်ကမ်းနားပိုင်းတွင်ရှိ ရပ်ကွက်တချို့မှ ဒေသခံများ ရေဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းကာ ယာယီခိုလှုံနေထိုင်ကြလျှက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
လတ်တလော ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရေကျော်ခြင်းမရှိသေးဘဲ မော်တော်ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်သေးကြောင်း သိရသည်။
Photo Credit – ကိုစိုးသီဟ