စစ်ရေးနှင့်မဆိုင်သည့် အရပ်သားနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုအတွက် ပဋိပက္ခအလွန် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုရှာဖွေရာ၌ အရင်းအမြစ်များစွာ ကုန်ကျနိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည်သူများထောက်ခံပါဝင်လာစေရန် အဟန့်အတားဖြစ်စေနိုင်ကြောင်း Data for Myanmar ၏ အစီရင်ခံစာက သုံးသပ်ထားသည်။
စစ်အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံတွင် အရပ်သားနေအိမ်ပေါင်းတစ်သိန်းကျော် မီးရှို့ခံရမှုကြောင့် ပျက်စီးဆုံရှုံးခဲ့ရကြောင်း Data for Myanmar က ပြီးခဲ့သည့် ဇူလိုင်လတွင် အစီရင်ခံစာတရပ် ထုတ်ပြန်ခဲ့သည်။
ယင်းအစီရင်ခံစာမှာ ပြည်တွင်းမီဒီယာများနှင့် ဒေသခံအဖွဲ့အစည်များကရရှိသောအချက်အလက်များကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ရေးသွင်းခြင်း၊ NASA FIRMS မီးလောင်မှုအချက်ပြစနစ်မှ အချက်အလက်များ၊ Google Earth နှင့် အခြားအရင်းအမြစ်များကရရှိသော ဂြိုလ်တုဓါတ်ပုံများကို တိုက်ဆိုင်စစ်ဆေးခြင်းတို့အပြင် ယုံကြည်ရသော သတင်းအရင်းမြစ်များမှ တိုက်ဆိုင်စစ်ဆေး၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မီးရှို့ဖျက်ဆီးခံရသောနေအိမ်တစ်သိန်းကျော်အနက် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးပြင်းထန်သော စစ်ကိုင်းတိုင်းက အများဆုံးဖြစ်၍ အိမ်ပေါင်း ခုနစ်သောင်းကျော်ပျက်စီးခဲ့ရပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေသော ဒေသများနှင့် တော်လှန်ရေးအင်းအားစုများကို ထောက်ခံသော ကျေးရွာများကို မီးရှို့ခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးရခြင်း ဖြစ်သည်။
စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ၂၀၂၁ ခုနှစ်တွင် အရပ်သားနေအိမ် ၂၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်တွင် ၄၆၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်တွင် ၃၁၄၈၄ လုံးနှင့် ယခုနှစ် ဇူလိုင်လကုန်အထိ ၂၁၀၁၂ လုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယင်းအစီရင်ခံစာက ဖော်ပြထားသည်။
သို့ရာတွင် ယင်းအစီရင်ခံစာတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ ကျူးလွန်ခဲ့သည့်ဖြစ်စဉ်များသာ ပါဝင်နေပြီး အခြားလက်နက်ကိုင်အဖွဲ့အစည်းများက ကျူးလွန်သောဖြစ်စဉ်များ မပါဝင်သေးပေ။
Data for Myanmar သည် လွတ်လပ်သည့်သုတေသနအဖွဲ့ဖြစ်ပြီး ပြည်သူများအတွက် အကျိုးရှိပြီး သိသင့်သောအချက်အလင်များကို ရင်းမြစ်စုံကရယူကာ လေ့လာဆန်းစစ်တင်ပြနေသောအဖွဲ့ဖြစ်သည်။
Photo- စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးခဲ့မှု