ရန်ကုန်မြို့မှ ရေးမြို့သို့ ခရီးသွားလာနေကြသည့် ပြည်သူများအနေဖြင့် လမ်းတလျှောက်ရှိလုံခြုံရေးဂိတ်များတွင် ငွေကြေးပေးဆောင်ရမှု မရှိသော်လည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ်သို့သွားသည့်လမ်းပိုင်း ရောက်မှသာ လုံခြုံရေးဂိတ်များက ခရီးသည်များထံမှ ငွေအတောင်းကြမ်းနေကြောင်း တွေ့ရသည်။
ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ မှ ၅၀၀၀ ခန့်အထိပေးဆောင်နေရပြီး အထူးသဖြင့် မွန်ပြည်နယ်မှတ်ပုံတင်အမှတ်၊ ၁၀/ ကိုင်ဆောင်သူ မဟုတ်သူများထံက မညှာမတာ ပိုမိုတောင်းခံမှုများပြားကြောင်း ခရီးသည်များက ပြောသည်။
”စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်လောက်မှာ လုံခြုံရေးဂိတ်တွေအလျိုအလျိုပေါ်လာတယ်၊ အရင်ကဆို သံဖြူဇရပ် – ရေးလမ်းပိုင်းက ခရီးသည်တိုင်းကို သူတို့တောင်းချင်သလိုတောင်းတယ်၊ ခုနောက်ပိုင်းတော့ မွန်ပြည်နယ် မှတ်ပုံတင်မကိုင်ဆောင်သူတိုင်းကိုပဲ တောင်းတယ်၊ မာရှယ်လောထုတ်ထားတဲ့ရေးမြို့ကို ၆ နာရီအမှီမောင်းရတာဆိုတော့ အချို့မှန်လုံတွေကို ခရီးသည်တွေက ကြိုတင်ကောက်ခံထားရတယ်၊ မပေးလို့ကတော့ အမျိုးမျိုးကို စစ်တော့တာပဲ ” ဟု ခရီးသည်တစ်ဦးက ပြောကြားသည်။
ခရီးသည်တင်ကားများ၊ ကုန်ကားများအနေဖြင့်မူ ရန်ကုန် -ရေး လမ်းတလျှောက်ရှိ လုံခြုံရေးဂိတ်တိုင်းကို တစ်စီးလျှင် ၅၀၀ ကျပ်မှစတင်ကာ ယင်းတို့တောင်းသည့်အတိုင်း ပေးဆောင်နေရပြီး ခရီးသည်များမှာမူ သံဖြူဇရပ် -ရေးလမ်းပိုင်းတွင်သာ ပေးဆောင်နေရကြောင်း ယာဉ်မောင်းများက ပြောသည်။
”ရေလုပ်သားရာသီဆို ပိုပေးရတယ်၊ အချို့ရေလုပ်သားတွေကို အမျိုးမျိုးရစ်ပြီးတော့ သောင်းဂဏန်းအထိတောင် တောင်းတာရှိတယ်၊ ခုတော့ တော်လှန်ရေးတပ်တွေတိုက်လို့ ရေးမှာတော့ တစ်ဂိတ်နှစ်ဂိတ်လောက်တော့ လျော့သွားတယ်၊ တစ်ခါတလေ ရန်ကုန်ကနေ ရေးအပြင်၊ ရေးကနေ ရန်ကုန်အတက်ခရီးသည်တွေပါ ပေးနေရတာလဲရှိတယ်၊ ဒါကို တာဝန်ရှိသူတွေသိပေမယ့် ဘာမှမလုပ်ပေးနိုင်ဘူး ” ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
အဆိုပါလုံခြုံရေးဂိတ်များအနေဖြင့် တိုင်းစစ်ဌာနချုပ်ခွင့်ပြုမိန့်ဖြင့် စစ်ဆေးစောင့်ကြပ်နေသည်ဟု ဆိုကြောင်း၊ ယင်းတို့စားဝတ်နေရေးအတွက် ခွင့်ပြုပေးထားသည်ဟု ယူဆပြောဆိုနေကြောင်း၊ အရပ်ဘက်အုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် အထက်အဆင့်ဆင့်သို့ တင်ပြတိုင်ကြားခဲ့သော်လည်း ထူးခြားမှုတစ်စုံတရာမရှိကြောင်း ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
လူ့အခွင့်အရေးသတင်း
ရန်ကုန်မြို့မှ ရေးမြို့
လမ်းတလျှောက်ရှိလုံခြုံရေးဂိတ်များ
ငွေအတောင်းကြမ်း
အမျိုးမျိုးရစ်ပြီး
ရေးခရိုင်စီမံအုပ်ချုပ်ရေး