ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အတွင်း ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သားထိခိုက်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ (၉) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ သဲဖြူချောင်းတံတားတွင် စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးစစ်ဆေးရေးဂိတ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “တိုက်ပွဲထဲမှာ ကျိုက်ထိုဘက်ကနေ ဘီးလင်းဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ငယ်တစ်စီး ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီးမှာ ပစ်ခတ်ခံရလို့ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ အဲ့ဒီအပြင်ကို သပြေနီကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အသက် (၅၅) နှစ်အရွယ် ဒေါ်မိသေး၊ နဲ့ မြေးဖြစ်သူ အသက် (၁၄) နှစ်အရွယ် မနန်းရွှေရည်တို့ မြေးအဖွားနှစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေရရှိခဲ့ပါတယ်” ဟု ပြောကြားသည်။
လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့် မြေးအဖွားနှစ်ဦးအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ထို့အပြင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်ခန့်တွင်လည်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတား၌ စောင့်ကြပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာမှ (၃) နာရီအချိန်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးသေဆုံးခဲ့ပြီး (၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ရာ (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းအပြင် ကျိုက်ထိုမြို့နယ် သရက်တော၊ ကော့ဘိန်း နှင့် ကျူချောင်ကျေးရွာအနီးဝန်းကျင်တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သေးကြောင်း ကျိုက်ထိုဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“မနေ့မနက် (၁၁) နာရီအချိန်လောက်က ကျိုက်ထိုမြို့ပေါ်ကနေ လက်နက်ကြီးပစ်ခတ်သံတွေကြားရတယ်။ မြို့ပေါ်မှာလည်း အသွားလာရှင်းသွားသလို၊ ဈေးတွေမှလည်း ဆိုင်တွေကိုပိတ်လိုက်ကြရတဲ့ အခြေအနေမျိုးဖြစ်သွားတယ်။ မွန်းလွဲ (၂) နာရီနောက်ပိုင်းလောက်မှဘဲ ပုံမှန်နီးပါးအသွားအလာတွေပြန်ရှိခဲ့တာပါ” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ပြောကြားသည်။
ထိုသို့ ရန်ကုန် – မော်လမြိုင်ကားလမ်းတလျှောက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် နံနက် (၉) နာရီအချိန်မှ မွန်းလွဲ (၂) နာရီအချိန်ခန့်အထိ နှစ်ဖက်ယာဉ်အစီးရေ ရာနှင့်ချီကာ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း၊ မွန်းလွဲ (၂) နာရီအချိန်ကျော်မှသာ ကားများ ပုံမှန်အတိုင်းသွားလာခဲ့ကြရကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။