ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင်၌ ပိတ်သိမ်းခံရသည့် မြန်မာရွှေ့ပြောင်း စာသင်ကျောင်းများ ပြန်ဖွင့်ပေးရေးအတွက် ထိုင်းပြည်သူ့ပါတီက ထိုင်းအစိုးရထံ တောင်းဆိုထားကြောင်း သိရသည်။
အဆိုပါ မေတ္တာရိပ် ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းမှ ကျောင်းသူကျောင်းသားတို့၏ မြန်မာနိုင်ငံတော်အလံ အလေးပြုသည့် ဗီဒီယို ရုပ်သံဖိုင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေပန်းစားခဲ့ပြီး ထိုင်းနိုင်ငံပညာရေး ဝန်ကြီးက စာသင်ကျောင်းများ စစ်ဆေးရန် ညွန်ကြားခဲ့ပြီးနောက် စာသင်ကျောင်းပိတ်သိမ်းခံရခြင်း ဖြစ်ကြောင်း မီဒီယာများက ရေးသားကြသည်။
ထိုင်းဥပဒေအရ ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိရေး၊ ဒုက္ခသည် ကလေးငယ်များ၏ အခွင့်အရေးနှင့် ကာကွယ်မှု တန်းတူရရှိရေး၊ တရားဝင် အထောက်အထားမရှိသည့် ကလေးငယ်များ ၁၅ နှစ်အထိ အခကြေးငွေမယူဘဲ ပညာသင်ကြားခွင့်ရရှိရေး စသည့်အချက်များ ပါ၀င်ကြောင်း ထိုင်းပြည်သူ့ပါတီ တောင်းဆိုစာတွင် ဖော်ပြထားသည်ဟု သိရသည်။
“ရွှေ့ပြောင်း မြန်မာကလေးတွေရဲ့ ပညာရေးစင်တာကို ပိတ်သိမ်းခဲ့တဲ့အပေါ်မှာ နိုင်ငံတော် အစိုးရရဲ့ မူဝါဒနဲ့ ကိုက်ညီမှုမရှိသလို ထိုင်းအစိုးရ သဘောတူညီထားတဲ့ ကိစ္စရပ်တွေနဲ့ လွဲမှားနေခြင်းကြောင့် မြန်မာစာသင်ကျောင်းပိတ်သိမ်းရန်အမိန့်ကို ပြန်လည် စီစစ်သုံးသပ်ပေးဖို့”လို့ ပြည်သူ့ပါတီအမတ်၊ Manop Kiriphuvadol က ပညာရေးဝန်ကြီးဌာနထံ တောင်းဆိုစာကို ပေးပို့ထားသည်ဟု ဆိုသည်။
ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အမူဆောင်ညွန်ကြားရေးမူး ဦးထူးချစ်က “ရွှေ့ပြောင်းကျောင်းတွေဆိုတာက မိဘတွေ အလုပ်သွားချိန်မှာ သူတို့ အေးအေးချမ်းချမ်းနဲ့ အလုပ် လုပ်နိုင်အောင် ကလေးထိန်းပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ ပြီးတော့ ကလေးတွေက ကလေးကြီးတွေ ဖြစ်သလို အလုပ်လုပ်လို့ရတဲ့ အရွယ်တွေလည်း မဟုတ်ဘူး။ ထိုင်းဥပဒေက ၁၈ နှစ် မကျော်ဘဲ အလုပ် လုပ်ရင်လည်း ကလေး အလုပ်သမားတွေက ဖြစ်ဦးမယ်။ ဒါကြောင့် ကျောင်းပိတ်တာကတော့ ကျနော်တို့ လာပြီးနေရတဲ့ ထိုင်းလူ့အဖွဲ့အစည်းကိုလည်း တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ထိခိုက်စေပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က စူရတ်ဌာနီတွင် ကျောင်းသားကျောင်းသူပေါင်း ၁၀၀၀ ကျော်ရှိသော မေတ္တာရိပ် ရွှေ့ပြောင်းစာသင်ကျောင်း ပိတ်သိမ်းခံရပြီး ကျောင်းတည်ထောင်သူနှင့် ဆရာ၊ ဆရာမ ၂၆ ဦးတို့အား ဆက်လက်အရေးယူနိုင်ရန် သက်ဆိုင်ရာက လုပ်ဆောင်နေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။
အလားတူ ယမန်နှစ် အောက်တိုဘာလတွင်လည်း ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းကို ၀င်ရောက် စစ်ဆေးမှုတွေ ရှိခဲ့ပြီး ထိုင်းဥပဒေနှင့်ကိုက်ညီမှုမရှိဖြင့် ပိတ်သိမ်းခိုင်းခံရမှုလည်း ရှိခဲ့သည်။
Photo- မေတ္တာရိပ်မြုံစာသင်ကျောင်းမှ ကျောင်းသား/သူများ
ရွှေ့ပြောင်းလုပ်သားသတင်း