အာဏာရ ဖွေ့ထိုင်းပါတီ ဦးဆောင်သော ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့က နိုင်ငံတဝန်းရှိ အလုပ်သမားများ၏ တစ်ရက်အနိမ့်ဆုံးလုပ်ခလစာအဖြစ် ထိုင်းဘတ် ၄ဝဝ အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်။
ထိုင်းဝန်ကြီးချုပ်သစ် ပေထုန်တန် ရှင်နာဝပ် တင်ပြသည့် အစိုးရအဖွဲ့စာရင်းကို ထိုင်းဘုရင်မင်းမြတ် အတည်ပြုပေးခဲ့ကြောင်း၊ ဝန်ကြီးဌာန ၄၁ နေရာအတွက် လူပုဂ္ဂိုလ် ၃၅ ဦးပါဝင်သည့် အစိုးရအဖွဲ့အသစ်တွင် ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ထိုင်းဘုရင့်ရှေ့မှောက်ထံ ထိုင်းအစိုးရအဖွဲ့သစ်က ကျမ်းကျိန်ခဲ့ကြသည်။
ထိုင်းအလုပ်သမားဝန်ကြီး ဖီပက် ရက်ချာ ကစ်ပရာကမ်က လုပ်ခလစာတိုးမြှင့်မှုများကို လုပ်ဆောင်မည်ဖြစ်ရာ ပရော်ဖက်ရှင်နယ် အလုပ်သမားများ နှင့် သီးခြားအလုပ်များတွင် ပါဝင်လုပ်ကိုင်နေသူများကို အောက်တိုဘာ ၁ ရက်မှစတင်ပြီး လုပ်ခလစာတိုးမြှင့်ပေးမည်ဖြစ်ရာ အသေးစိတ်ကို မကြာမီကြေညာပေးမည်ဟု ပြောသည်။
ဖွေ့ထိုင်းပါတီသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်ကာလအတွင်း အလုပ်သမားများကို လုပ်ခလစာ တိုးမြှင့်ပေးသွားမည်ဟု ကတိပြုထားကြောင်း၊ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားများကို တစ်ရက်အနိမ့်ဆုံးလုပ်ခလစာအဖြစ် ဘတ် ၄ဝဝ တိုး ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး ၂ဝ၂၇ ခုနှစ်တွင် တစ်ရက်လုပ်ခအနိမ့်ဆုံးအဖြစ် ဘတ် ၆ဝဝ အထိ တိုးမြှင့်ပေးမည်ဟု ကတိပြုထားသည်။
ထိုင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီ လမှ ဇူလိုင်လအထိ စက်ရုံ၊လုပ်ငန်းပေါင်းအနည်းဆုံး ၆၆၇ ခု ပိတ်သိမ်းခဲ့သော်လည်း ၁၂၆ဝ ခု ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားများသည် ပြည်နယ်အပေါ်အခြေခံပြီး တစ်ရက်အနိမ့်ဆုံးလုပ်ခ လစာအဖြစ် ဘတ် ၃၃ဝ နှင့် ၃၇ဝ ကြား ရရှိနေကြောင်း သိရသည်။
Photo- ထိုင်းညွန့်ပေါင်းအစိုးရ
ရွှေ့ပြောင်းလုပ်သား