ချောင်းဆုံမြို့နယ်၊ မုကွဲကျေးရွာရှိ မူလတန်းကျောင်းမှ ကျောင်းဆရာမတစ်ဦး စစ်တပ်သုံး G3 ဘက်နှက်ဖြင့် ထိုးသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
အသတ်ခံရသူမှာ မုကွဲကျေးရွာရှိ မူလတန်းကျောင်းမှ အသက် (၂၆) နှစ်အရွယ် မူလတန်းပြဆရာမ ဒေါ်ချစ်ချစ်ထူး (ခ) ထူးထူး ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဆရာမပျောက်နေတာ (၄) (၅) ရက်လောက်ရှိနေပြီး။ မနေ့ (စက်တင်ဘာလ (၈) ရက်) မွန်းတည့်ချိန်မှသာ ဆရာမရဲ့ ရုပ်အလောင်းကို မုကွဲကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်ဝန်းအတွင်းမှာရှိတဲ့ ဓါတ်ပေါင်းစုမဟာစေတီနဲ့ ပေ (၅၀) ခန့်အကွာ ထင်းတောထဲမှာ တွေ့ကြရတာပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အသတ်ခံထားရသူ ဆရာမ၏ ရုပ်အလောင်းအား ကနစိုးပင်၏ ခြေရင်းတွင် အနက်ရောင်ဘေးလွယ်အိတ်ကြိုးဖြင့် ချည်နှောင်၍ မှောက်လျှက်အနေအထား ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေကြောင်း၊ ရုပ်အလောင်းအနီးတွင် အသွား (၉) လက်မခွဲ၊ အရိုး (၅) လက်မ၊ စုစုပေါင်း (၁၄) လက်မခွဲခန့်အရှည်ရှိ စစ်တပ်သုံး G3 ဘက်နှက်တစ်ချောင်းကိုတွေ့ရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
အသတ်ခံထားရသည့် မူလတန်းပြဆရာမ၏ ရုပ်အလောင်းအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ချောင်းဆုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ရုပ်အလောင်းအား စစ်ဆေးပြီးပါက သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။