KNLA/PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာရှိ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦးမှာ ဩဂုတ်လ (၃၁) ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း သံဖြူဇရပ်မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
အ.ထ.က (ဝဲခမိ) စာသင်ကျောင်း၌ ပညာသင်ကြားပေးနေပြီး လွန်ခဲ့သည့်ဩဂုတ်လ (၂) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အဆိုပါ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦး အား ဩဂုတ်လ (၃၁) ရက်နေ့က ဝဲခမိကျေးရွာထိပ်တွင် လာချပေးသွားကြောင်း၊ ထိုနောက် ၎င်းတို့အား သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးသို့ ခေါ်ဆောင်လာခဲ့ကြောင်း သံဖြူဇရပ်မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“လောလောဆယ်တော့ ကျောင်းပိတ်ရက်လည်ဖြစ်နေတယ်ဆိုတော့ အိမ်မှာဘဲပြန်နားနေကြတယ်လို့ သိရတယ်။ မကြာခင်တော့ သက်ဆိုင်ရာက မေးမြန်းမှုတွေလုပ်ဆောင်သွားဖို့ရှိတယ်လို့တော့ကြားတယ်။ ဆရာ၊ ဆရာမတွေကတော့ ကျန်းမာရေးကောင်းကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခံရသည့်ပညာရေးဝန်ထမ်းများမှာ ရေးမြို့နယ်၊ ခေါဇာမြို့နေ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဇော်ဦး၊ အထက်တန်းပြဆရာမများဖြစ်ကြသည့် မုဒုံမြို့နယ် ကမာဝက်မြို့နေ ဒေါ်ခင်မြတ်မြတ်ထွန်းနှင့် မုဒုံမြို့နယ် ကော့ပရံကျေးရွာနေ ဒေါ်ခိုင်ခိုင်မိုး၊ ဒု – မူလတန်းပြကျောင်းဆရာများဖြစ်ကြသည့် သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်နေ ဦးကျော်စိုးလွင် နှင့် သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်နေ ဦးကျော်ဘုန်းဝေ တို့ဖြစ်ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂) ရက်နေ့နံနက် (၁၀) နာရီအချိန်ခန့်က ပြောက်ကျားဝတ်စုံများဝတ်ဆင်ထားသော အင်အား (၁၅) ဦးခန့်ရှိ KNLA/PDF များမှ အဆိုပါ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းသို့ ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၂၈) ဦး၊ ကျောင်းစောင့် (၁) ဦး၊ စာရေး (၁) ဦး၊ သန့်ရှင်းရေး (၁) ဦး စုစုပေါင်း (၃၁) ဦးအား ကျောင်းအပြင်သို့ ခေါ်ထုတ်သွားပြီး ခေါင်းငုံ့ထိုင်ခိုင်းပြီးနောက် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦး၏ အမည်အား ခေါ်၍ ပြောစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ၎င်းတို့အား ဝဲခမိကျေးရွာ အရှေ့ဘက် (၂) မိုင်ခန့်အကွာမှာရှိ တောင်ပေါ်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားသည်ဟု ကြားသိရကြောင်း ဒေသခံများထံမှ သိရသည်။
အ.ထ.က (ဝဲခမိ) စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦး အား KNLA တပ်ရင်း – ၂၇ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့များ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၆) ဥက္ကဌ ပဒိုစောလစ္စတန် က ပြောကြားထားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် နုတ်ထွက်ခြင်း၊ နယ်မြေပြောင်းရွေ့ခြင်းလုပ်ဆောင်ကြရန်နှင့် လိုက်နာမှုမရှိသူများအား အဆင့်ဆင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် ဇွန်လ (၂၈) ရက်နေ့က KNU ဒူးပလာယာခရိုင်က သတိပေးစာ ထုတ်ပြန်ထားကြောင်း သိရသည်။