ပေါင်မြို့နယ် သဗြုချောင်ကျေးရွာ ဈေးတန်းအတွင်း ယမန်နေ့ ညပိုင်းအချိန်က လူငယ် ၁၀ ဦးခန့် စုဖွဲ့စကားပြောနေကြသည်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်၍ PDF အဖွဲ့ဝင်များအဖြစ်လုပ်ကြံစွပ်စွဲပြီး ဖမ်းဆီးထားကြောင်း ဒေသခံများမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် သဗြုချောင်စျေးတန်းအတွင်း လူငယ် ၁၀ ဦးခန့် ဝိုင်းဖွဲ့ထိုင်စကားပြောနေကြသည်ကို ရဲတပ်ဖွဲ့ဝင်များမှ လာရောက်ဝိုင်းခဲ့ကြောင်း၊ လူငယ်(၆)ဦးခန့်မှာ ထွက်ပြေးသွားသဖြင့် ရဲကပစ်ထည့်လိုက်ရာ လူငယ်တစ်ဦးအား ယာဘက်ပေါင်အရင်း၌ ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာက သာမန်လူငယ်တွေပဲ၊ PDF မဟုတ်ကြပါဘူး၊ ညအချိန်မှာ သူတို့ဖာသာ စုပြီးစကားပြောနေကြတာ အဲဒါရဲက ပစ်ထည့်တာ လူထိသွားလို့ PDF ဆိုပြီး စွပ်စွဲလိုက်တာပဲ၊ လွတ်သွားတဲ့လူငယ်တွေက ၆ ယောက်လောက်ရှိမယ်၊ သေနတ်ထိသွားတဲ့တစ်ယောက်၊ သူ့တို့သူငယ်ချင်း ၃ ယောက်ကို PDF လို့ စွပ်စွဲလိုက်ပြီး ရဲကဖမ်းလိုက်တယ်၊ ထုံးစံအတိုင်းပေါ့ ရဲက သက်သေတွေနဲ့ လုပ်ကြံဖန်တီးပြီး PDF ပါလို့ အတင်းဝန်ခံခိုင်းနေတယ်” ဟု ၄င်းဒေသခံက ဆိုသည်။
သို့ရာတွင် ယင်းဖြစ်စဥ်အပေါ် စစ်တပ်လော်ဘီတယ်လီဂရမ်များက “လူငယ်အုပ်စုအတွင်းမှလူငယ်(၁)ဦး၏ ခါးတွင် ပစ္စတို (အမျိုးအစား စီစစ်ဆဲ)ဟု ထင်ရသောလက်နက်ငယ် (၁)လက်အားတွေ့ရှိရသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ခြောက်လှန့်ပစ်ခတ်မှုကြောင့် မောင်စူပါထော(၁၉)နှစ်၊ (ဘ)ဦးနန်းညွှန့်၊ သဗြုချောင်ကျေးရွာ၊ ရပ်ကွက်(၆)၊ ပေါင်မြို့နယ်နေသူ၏ ယာဘက်ပေါင်အရင်းတွင် ကျည်ဖောက် ဝင် ဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး ၎င်းနှင့် အတူကျန်ခဲ့သော အောင်မင်းထွန်း (၃၀နှစ်၊ (ဘ)ဦးမြတ်သူ၊ ယာဉ်မာင်းလုပ်၊ သဗြုချောင်ကျေးရွာ၊ ကျော်ထက်ဦး (၁၆)နှစ် (ဘ) ဦးထွေးဦး သဗြုချောင်ကျေးရွာ၊ ချမ်းမွန် ၁၈နှစ် (ဘ) ဦးမောင်ခင်၊ သဗြုချောင်ကျေးရွာနေသူတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရေးသားထားသည်။
၎င်းတို့အားစစ်ဆေးရာ မောင်စူပါထော စီးနင်းခဲ့သော ဆိုင်ကယ်နောက် ထိုင်ခုံအောက်ဘောက်အတွင်းမှ MG -1 အမျိုးအစား လက်ပစ်ဗုံး(၁)လုံးနှင့် မူးယစ်ဆေး ဝါးဟုယူဆရသော WYတံဆိပ်ပါ လိမ္မော်ရောင် ဆေးပြား(၂၀) ပြားတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီလော်ဘီက ဆက်လက်ရေးသားသည်။
အဆိုပါ သဗြုချောင်ကျေးရွာ၌ ယခင်အုပ်ချုပ်ရေးမှူးနှင့် ဖခင်ဖြစ်သူ ပေါင်မြို့နယ် MUP ပါတီဥက္ကဌတို့အား PDF အဖွဲ့က လာရောက်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။
Photo-တယ်လီဂရမ်