ကျိုက်မရောမြို့နယ် ကော့ပနော – ဝငဲ – ကော့ဝမ်းကျေးရွာသွား လမ်းဆုံအား မြန်မာစစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂၉) ရက်နေ့ မွန်းလွဲ (၂) နာရီဝန်းကျင်အချိန်ခန့်က အဆိုပါ ကော့ပနော – ဝငဲ – ကော့ဝမ်းကျေးရွာသွားလမ်းဆုံတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ စစ်ဆေးရေးလုပ်နေသည်ဟု ဆိုကာ စစ်ကောင်စီဘက်မှ ယင်းနေရာအား ဒရုန်းဖြင့် ဗုံး သုံးလုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဘက်မှ ပစ်ချလိုက်သည့် ဒရုန်းဗုံး သုံးလုံးမှာ လမ်းဆုံအနီးရှိ စက်သုံးဆီဆိုင်အနီး နှင့် လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဒရုန်းဗုံးက စက်သုံးဆီဆိုင်အနီးမှာကျရောက်ပေါက်ကွဲခဲ့လို့ အဲ့ဒီနေရာမှာရှိနေတဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။နောက်ပြီး ဒေသခံ လေးဦးလည်း ထိခိုက်ဒဏ်ရာတွေရသွားတယ်။ သူတို့ကို ကျိုက်မရောမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားကြတယ်” ဟု ပြောကြားသည်။
တော်လှန်ရေးပူးပေါင်းအဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားထိပ် မှ လွှစင်ကုန်းလမ်းဆုံ အပိုင်းအား စစ်ကောင်စီတပ်ဘက်မှ မကြာခဏ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းများလုပ်ဆောင်လေ့ရှိကြောင်းလည်း ဒေသခံများက ဆိုကြသည်။
ထိုအခြေအနေများကြောင့် ယင်းဒေသရှိ ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေသူအများအပြားရှိနေကြောင်းလည်း သိရသည်။
ဒရုန်းဗုံးချတိုက်ခိုက်
ဒေသခံတစ်ဦးသေဆုံး
စစ်ကောင်စီတပ်
တော်လှန်ရေးပူးပေါင်းအဖွဲ့
ကော့ဝမ်းကျေးရွာသွားလမ်းဆုံ