မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ကြောင့် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပျက်ဆီးခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိကာ (၉) နှစ်အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ (၂၆) ရက်နေ့ မွန်းလွဲ (၂) နာရီခွဲဝန်းကျင်အချိန်ခန့်က စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ တောင်ကလေးကျေးရွာအတွင်းရှိ ဦးစံမြ ဆိုသူ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲသောကြောင့် နေအိမ်လည်းပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ရွာအနီးအနားမှာလည်း တိုက်ပွဲဖြစ်တာမျိုးမရှိဘဲနဲ့ စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေခဲ့တာပါ။ လက်နက်ကြီးတစ်လုံးက ဦးစံမြ အိမ်ပေါ်တည့်တည့်ကျတာ။ ဦးစံမြ၏သား အသက် (၉) နှစ်အရွယ် နှစ်တန်းကျောင်းသားလေး မောင်ဝင်းကိုကို ရဲ့ ဘယ်ဘက်ခြေထောက်မှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရသွားတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၇) ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးရှိ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့် မစောတံတား တွင်စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယင်းတိုက်ပွဲအတွင်း အရပ်သား (၂) ဦးသေဆုံးကာ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ယခုနှစ် ပထမခြောက်လတာ ကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးသူ (၆၉၂) ဦးရှိခဲ့ကြောင်း နှင့် စုစုပေါင်းထိခိုသေဆုံးသူ၏ (၃၂) ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်ကြကြောင်း UNICEF Myanmar မှ ထုတ်ပြန်ထားသည်။