မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ ထိုင်းနယ်စပ်မြို့ကို ဆက်သွယ်ထားသော မော်တော်ကားလမ်းဖြတ်သန်းသွားရာ အနန်းကွင်းကျေးရွာနှင့်အနီးတဝိုက်ရွာများတွင် တိုက်ပွဲများနေ့စဥ်ဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်ကောင်စီ၏ လေယာဥ်ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အနန်းကွင်းတစ်ရွာလုံးနီးပါး ပျက်စီးသွားပြီဟု ထွက်ပြေးလာသော ရွာသားအချို့က ပြောသည်။
“မနေ့ကအထိ တိုက်ပွဲတွေဖြစ်နေတယ် လေယာဥ်နဲ့ဗုံးကြဲတယ်၊ အနန်းကွင်းရွာကတော့ ရွာပျက်ကြီး ဖြစ်သွားပြီ”ဟု ရွာသားတစ်ဦးက ပြောသည်။
အနန်းကွင်းအခြေစိုက် ရတခ အမှတ်(၃) ရှေ့တန်းစစ်ဗျူဟာစခန်းကို KNU/PDF ပူးပေါင်းတပ်ဖွဲ့က ရက်သတ္တနှစ်ပတ်ကျော်ကြာ လာရောက်တိုက်ခိုက်သော တိုက်ပွဲများအတွင်း အနန်းကွင်းအနီးတဝိုက် ကားလမ်းပေါ်ရှိ ဖားပြ၊ လွှတ်ရှမ်း၊ ဝင်းခန၊ ကျုံခဝန်၊ တညင်၊ ကျောက်ဘီလူးနှင့် သံပုရာများမှ လူတော်တော်များများသည်လည်း စစ်ဘေးရှောင်ကုန်ကြပြီဟု စစ်ရှောင်လာသော ရွာသားတစ်ဦးက ပြောသည်။
“လွှတ်ရှမ်းစစ်တပ်ဂိတ်စခန်းကနေ လက်နက်ကြီးတွေနဲ့ကူပစ်တယ်၊ ရွာတွေထဲကျတယ်၊ ရာဘာခြံတွေမှာကျတယ် ဘယ်သူမှမနေရဲကြဘူး၊ စစ်ကြောင်းတွေ ရွာထဲဝင်လာတယ်၊ တိုက်ပွဲဆက်ဖြစ်တယ်၊ ညနေ ၆ နာရီကျော်ရင် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းကို နှစ်ဖက်လုံးက သွားလာခွင့်ကို ပိတ်ထားတယ်၊ တော်လှန်ရေးဘက်ကလည်း ပိတ်တယ်၊ စစ်တပ်ဘက်ကလည်း ပိတ်တယ်”ဟု ကျုံခဝန်ရွာသားတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က လွှတ်ရှမ်းဂိတ်တွင် စခန်းချနေပြီး အနီးအနားရွာများသို့ လက်နက်ကြီးများ ကာပစ်၍ စစ်ကြောင်းများထိုးနေကြောင်း၊ အလားတူသံဖြူဇရပ်အခြေစိုက် အမတ (၃၁၅) အမြှာက်တပ်မှလည်း ရဲတံခွန်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် အနန်းကွင်းဗျူဟာလက်အောက်ခံ တောင်စွန်တပ်ရင်းရုံးကို KNLA/PDF ပူးပေါင်းတပ်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ အနန်းကွင်းရှေ့တန်းစစ်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ရန် အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လျက်ရှိပြီး စခန်းမကျရေးအတွက် စစ်ကောင်စီဘက်မှ အပြင်းအထန်ခုခံနေရကြောင်း သိရသည်။