ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် ၃၁၀ အမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဝါးဒက်ကွင်းကျေးရွာမှ ဒေသခံလူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ (၂၄) ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က သိမ်ဇရပ်အခြေစိုက် အမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဝါးဒက်ကွင်းကျေးရွာ ကားလမ်းဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်အနီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အချိန်မှာ ဆိုင်ကယ်ပြင်ဆိုင်မှာ ဆိုင်ကယ်လာပြင်နေတဲ့ အသက် (၂၀) နှစ်အရွယ် မောင်ချမ်းမြေ့အောင် တယောက် လက်ကနက်ကြီးကျည်စထိမှန်ပြီးတော့ အခင်းဖြစ်တဲ့နေတရာမှာဘဲ သေဆုံးခဲ့ရတာပါ” ဟု ၎င်းက ပြောကြားသည်။
ဩဂုတ်လ (၂၃) ရက်နေ့က နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီတပ် (၂) ခုအား လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီးနေက်၊ စစ်ကောင်စီအမြောက်တပ်မှ ဝါးဒက်ကွင်းအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နေ့ကလည်း သိမ်ဇရပ်အခြေစိုက် အမြောက်တပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ အခိုင်ကျေးရွာအနီးချောင်းစပ်တွင် ငါးဖမ်းနေသည့် မောင်ဝေယံနိုင် အနီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက်ကြောင့် မောင်ဝေယံနိုင်တွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ပြီးနောက် (၃) ရက်အကြာတွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။