ယခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းကြောင့် လူပေါင်း (၇၀၀) နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ နိုင်ငံတကာကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF Myanmar ) မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ပွဲအတွင်း အခြားဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူနှင့် သေဆုံးသူ အရပ်သား (၆၉၂) ဦးရှိခဲ့ကြောင်း ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူအရေအတွက်မှာ (၆၆) ရာခိုင်နှုန်း ပိုများလာကြောင်း ကုလသမဂ္ဂ နိုင်ငံတကာကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့(UNICEF Myanmar ) ၏ အစီရင်ခံစာတွေ ဖေါ်ပြထားသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် (၃၂) ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြောင်းလည်း (UNICEF Myanmar ) က ဆိုထားသည်။
ယခုနှစ်အတွင်း ရှမ်းပြည်နယ်၌ မြေမြှုပ်မိုင်းနှင့် စစ်ပွဲအတွင်း အခြားဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်များကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သူနှင့် သေဆုံးသူမှုအများဆုံးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံလုံး အရပ်သားသေဆုံးမှု၏ (၂၄) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ စစ်ကိုင်းတိုင်ဒေသကြီးအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ပွဲအတွင်း အခြားဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်များပေါက်ကွဲမှု (၆၉) ကြိမ်ဖြစ်ပွားခဲ့ရာ (၁၉) ဦးသေဆုံးခဲ့ပြီး (၉၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု ဒုတိယအများဆုံးနှင့် ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ပွဲအတွင်း အခြားဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်များကြောင့် သေဆုံးသူ (၁၅) ဦးရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၆၇) ဦးရှိခဲ့ကာ တတိယအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ တနင်္သာရီ နှင့် ရန်ကုန် အစရှိသေ တိုင်းဒေသကြီးများနှင့် ကချင်၊ ချင်း၊ ကရင်နီ (ကယား) ၊ ကရင်နှင့် မွန်ပြည်နယ်များအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ပွဲအတွင်း အခြားဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်များကြောင့် သေဆုံးသူ စုစုပေါင်း (၃၂၅) ဦးရှိခဲ့ကြောင်း UNICEF Myanmar က ဆိုထားသည်။
ဩဂုတ်လ (၂၂) ရက်နေ့ နံနက်ပိုင်းကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာ ဒေသခံအရပ်သား အမျိုးသားတစ်ဦးမှာ လက်လုပ်မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်လုံးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။