ပြီးခဲ့သည့် ဩဂုတ်လ (၂၁) ရက်နေ့၊ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု၊ လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးအား စစ်တပ်မှဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာမှ သေဆုံးခဲ့သူများမှာ သတင်းထောက်နှစ်ဦးနှင့် KRF ရဲဘော်နှစ်ဦးဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ထုတ်ပြန်ချက်အရ သိရသည်။
ထို ဩဂုတ်လ (၂၁) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် လက်ပြကျေးရွာနေ သတင်းထောက် ကိုထက်မြတ်သူ ဆိုသူ၏နေအိမ်အား စစ်တပ်မှ ဝင်စီးခြင်းခံခဲ့ရကြောင်း၊ KRF မှ ရဲဘော်သုံးဦးအနက် ရဲဘော်အဝင်း နှင့် ရဲဘော်ကျင်ဝှက် တို့နှစ်ဦးမှာ ထိခိုက်ကျဆုံးခဲ့ပြီး၊ ရဲဘော်တစ်ဦးမှာ လွတ်မြောက်လာခဲ့ကြောင်း၊ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုထက်မြတ်သူ နှင့် ကိုဝင်းထွဋ်ဦး တို့နှစ်ဦးမှာ စစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားချက်အရ သိရသည်။
တော်လှန်ရေးရဲဘော် နှစ်ဦး ထိခိုက်ကျဆုံးခဲ့ရသည့်အတွက် KRF အဖွဲ့အနေဖြင့်များစွာ ဝမ်းနည်းကြေကွဲခဲ့ရပါကြောင်း၊ သတင်းထောက်နှစ်ဦး မတရား ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် အတွက်လည်း လွန်စွာမှ စိတ်ထိခိုက်ဝမ်းနည်းရပါကြောင်း၊ ယခုအကျိုးဆက်အား စစ်ကောင်စီမှ အပြည့်အဝ တာဝန်ခံရမည်ဖြစ်ကြောင်း KRF က ဆိုထားသည်။
အဆိုပါ လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးရှိ သတင်းထောက် ကိုထက်မြက်သူ ဆိုသူ၏နေအိမ်တွင် PDF များရောက်ရှိနေသည့်ဟူသော သတင်းအရ စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ထိုသို့ ဝင်ရောက်စီးနင်းမှုအတွင်း အသက် (၂၀) နှစ်မှ (၃၀) နှစ်အကြား အမျိုးသား (၄) ဦး၏ရုပ်အလောင်းများနှင့်အတူ ပစ္စတိုသေနတ် (၃) လက်၊ ကျည် (၄၀) တောင့်၊ ကျည်အိမ် (၄) ခုတို့အား စစ်တပ်မှ သိမ်းဆည်းရမိခဲ့ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖေါ်ပြချက်များအရ သိရသည်။
သတင်းသမား ကိုထက်မြတ်သူ မှာ ယခင်က The Voice of Thanphyuzayat သတင်းဌာနတွင် ဓါတ်ပုံသတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ကြောင်း၊ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့ ဆန္ဒပြပွဲများတွင် သတင်းယူနေစဉ် စစ်တပ်မှ ပစ်ခတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် ပြစ်ဒဏ်ကျခံခဲ့ရသော်လည်း ပြန်လည်လွတ်မြောက်လာချိန်တွင် သတင်းထောက်အလုပ်ကို ဆက်လက်လုပ်ကိုင်နေသူဖြစ်သည်။
ထို့အတူ သတင်းသမား ကိုဝင်းထွဋ်ဦး မှာလည်းစစ်တပ်မှ အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သည့်အတွက်ကြောင့် ပုဒ်မ – ၅၀၅ ဖြင့် ဖမ်းဝရမ်းအထုတ်ခံထားရသူတစ်ဦးဖြစ်ကြောင်း၊ DVB CJ သတင်းထောက်အဖြစ် သတင်းများ တင်ဆက်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
တိုက်ပွဲသတင်း
လူ့အခွင့်အရေးသတင်း
မတရားဖမ်းဆီးသတ်ဖြတ်
စစ်တပ်မှဝင်ရောက်စီးနင်းတိုက်ခိုက်
သတင်းထောက်နှစ်ဦး
KRFရဲဘော်နှစ်ဦး
ကျိုက်ထိုတော်လှန်ရေးအင်အားစုKRF
ရဲဘော်အဝင်း
ရဲဘော်ကျင်ဝှက်