ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်နေ အမျိုးသမီးရှေ့နေ မှာ ဒေါ်စံပယ်အား ဩဂုတ်လ (၁၈) ရက်နေ့က စစ်ကောင်စီတပ်မှအင်အားအလုံးအရင်းဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
“ဒေါ်စံပယ် ကို PDF တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုပြီးပြီးတော့ စစ်တပ်က ဝင်ဖမ်းသွားတာလို့ သိရတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အမျိုးသမီးရှေ့နေဖြစ်သူ ဒေါ်စံပယ်အား ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်ရှိ စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း၊ မိသားစုနှင့်လည်း တွေ့ခွင့်မရသေးကြောင်း ၎င်းမြို့ခံက ဆိုသည်။
ဒေါ်စံပယ်မှာ စစ်တပ်မှအာဏာသိမ်းကာလအတွင်း နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံရသူများအား အခမဲ့အမှုလိုက်ပေးခဲ့သူဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ၎င်း၏ ရှေ့နေလိုင်စင်အား စစ်ကောင်စီမှ ရုတ်သိမ်းခဲ့ကြောင်း ကျိုက်ထိုမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ကျိုက်ထိုမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်တစ်ဦး နှင့် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး တို့ကိုလည်း PDF အဖွဲ့အား သတင်းပေးခဲ့သည်ဟုဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။
Photo; Social Media