ကျိုက်ထိုမြို့နယ်ရဲများအဖမ်းခံရသကဲ့သို့ သထုံမြို့၊ သုဓမ္မဝတီနယ်မြေရဲစခန်းမှ နယ်ထိန်းနှစ်ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဆက်သွယ်မှုဖြင့် စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
သုဓမ္မဝတီနယ်မြေ နယ်ထိန်းရဲတပ်ဖွဲ့ဝင် ဌေးလှိုင်ထွန်းနှင့် အောင်ကိုမင်း ဆိုသူတို့အား ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်အတွင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
“သုဓမ္မဝတီနယ်မြေရဲစခန်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးက ဖရဲသီးဆိုပြီး ဖမ်းလိုက်တာပါ၊ PDF တွေနဲ့ ဆက်သွယ်မှုနဲ့ ငွေကြေးကအစ ထောက်ပံ့ကူညီမှုလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာလို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။
သို့ရာတွင် အဆိုပါစွပ်စွဲချက်အပေါ် အဖမ်းခံရနေသူများအနေဖြင့် တရားမျှတစွာ ပြန်လည်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။
၎င်းနယ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ PDF များအား ဆက်သွယ်ခဲ့ပြီး ငွေကြေးများ ထောက်ပံ့နေကြောင်း၊ Facebook User တစ်ဦးမှ လူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့သည့်အတွက်ကြောင့် စစ်ကောင်စီတပ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု ယူဆရကြောင်း၊ ၎င်းတို့အား မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေသည်ကိုပင်မသိကြရကြောင်း ၎င်းက ဆိုသည်။
အလားတူ PDF များအား ဆက်သွယ်သတင်းပေးမှုဖြင့် ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ပြည်သူရစိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော် တို့ကိုလည် ဖမ်းဆီးကာ လက်ရှိတွင် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မေလအတွင်းကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်း စိုးရာဇာ၊ နယ်ထိန်း ဝဏ္ဏထွန်း နှင့် ယာဉ်ထိန်းရဲတပ်ကြပ် အောင်နိုင်ဦး တို့ (၃) ဦးမှာလည်း PDF အဖွဲ့များထံ သတင်းများပေးပို့မှုဖြင့် စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။