ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့ရာမှ ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အိမ်ရှင်အဖွားအိုတစ်ဦးနှင့် လက်နက်များဖြင့် PDF ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ နံနက် (၉) နာရီအချိန်ခန့်က အဆိုပါ ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးအား စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုစီးနင်းမှုအတွင်း အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“အဲ့ဒီ စီးနင်းခံရတဲ့နေအိမ်မှာ PDF တွေရှိနေတယ်ဆိုတာသတင်းရလို့ စစ်တပ်က ဝင်စီးတာလို့ ပြော နေကြတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေထဲမှာ စီးနင်းခံရတဲ့ အိမ်ရှင်အဖွားကြီးတစ်ယောက်နဲ့ လူငယ်လေးဦး သေဆုံးသွားတယ်လို့ရတယ်” ဟု ၎င်းဒေသခံက ပြောသည်။
စီးနင်းပစ်ခတ်မှုအတွင်း အသက် (၉၀) နှစ်ရွယ် အိမ်ရှင် အမျိုးသမီးကြီးနှင့် အသက် (၂၀) မှ (၃၀) နှစ်အတွင်းရှိ လူငယ် (၄) ဦးသေဆုံးခဲ့ကြောင်း၊ ပစ္စတိုသေနတ် (၃) လက် နှင့် ကျည် (၄၀) တောင့်၊ ကျည်အိမ် (၄) ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အဲ့ဒီနေအိမ်မှာက PDF တွေခိုအောင်းနေတယ်ဆိုတဲ့ သတင်းအရ တပ်က သွားရောက်စီးနင်းတိုက်ခိုက် ခဲ့တာလို့ ကြားသိရပါတယ်။ ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိတယ်လို့သိရတယ်။ လိုက်လံရှင်းလင်းမှုတွေလုပ်ဆောင်နေဆဲလို့ သိရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ဘဲလေးစားသောက်ဆိုင်အနီး ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များ စုနေသည့် နေအိမ်အား တင်ရောက်စီးနင်းခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ရေးသားဖေါ်ပြထားကြးသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ နေအိမ်အား ဝင်ရောက်စီးနင်းပစ်ခတ်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း နှင့် ပြီးခဲ့သည့် ဩဂုတ်လ (၁၆) ရက်နေ့က ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် စီးနင်းတိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။
Photo; တယ်လီဂရမ်
တိုက်ပွဲသတင်း
ဘဲလေးစားသောက်ဆိုင်
စစ်ကောင်စီတပ်မှဝင်ရောက်စီးနင်းပစ်ခတ်
PDF၄ဦးသေဆုံး
ပစ္စတိုသေနတ်