မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိကာလတွင် ပြည်ထောင်စုအရေးနှင့်စပ်လျဥ်း၍ လက်နက်ကိုင်အဖွဲ့အစည်း များအား မျက်နှာနှစ်ဖက်ပေါ်လစီဖြင့် ဆက်ဆံသွားမည်ဖြစ်သလို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ပြည်တွင်းနိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းသွားနိုင်ရန် ဘဝတူလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် အတူတကွ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ မွန်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မွန်ရေးရာ လေ့လာသူတစ်ဦးက “မျက်နှာနှစ်ဖက်ပေါ်လစီဆိုတာက တိုင်းရင်းသားလက်နက်က်ိုင်အဖွဲ့တွေကို အဓိက သူတို့ပြောချင်တာလို့ ယူဆပါတယ်၊ အစိုးရနဲ့ တိုက်နေတဲ့အဖွဲ့တွေကိုရော မတိုက်တဲ့အဖွဲ့တွေနဲ့ပါ မွန်ပြည်သစ်ပါတီက ဆက်ဆံသွားမှာလို့ သုံးသပ်လို့ရတယ်” ဆိုသည်။
ထို့ပြင် အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေစဥ်ကာလတွင် ပါတီ၊ တပ်ဖွဲ့၊ အခြေခံဒေသတည် ဆောက်ရေးနှင့် လူထုအကာအကွယ်ပေးရေးတို့မှာလည်း အရေးကြီးသည့် အဓိကလုပ်ဆောင်သွားရမည့် အချက်ပင် ဖြစ်သည့်အတွက် ရေရှည်တွင် မွန်တို့၏အခြေခံဒေသတည်တန့်ခိုင်မြဲသွားစေရန် ပါတီ၊ ပြည်သူလူထုနှင့် မျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့မှ လက်တွဲဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု ဆိုထားသည်။
“နောက်တချက် သုံးသပ်ရတာက လက်နက်ကိုင်အဖွဲ့အစည်းဆိုတဲ့နေရာမှာ အခုထပ်ပေါ်လာတဲ့ မွန်လက်နက်ကိုင်အဖွဲ့တွေကိုလည်း ဆက်ဆံသွားမယ့်သဘော ရှိပုံရတယ်၊ မွန်တမျိုးသားလုံး ညီညွတ်ရေးကိုလည်း တည်ဆောက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ တွေ့မိပါတယ်” ဟု ၄င်းက ဆက်ပြောသည်။
အမျိုးသားရေးတွင် မွန်အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက်များကို လက်ခံကျင့်သုံး၍ ညီညွတ်သော မွန်အမျိုးသား အင်အားစုတရပ်ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုတွင် နည်းလမ်းကွဲပြားလာသည့်အတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ခွဲထွက်သွားသည့်အပေါ် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းစည်းရုံးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယနေ့တွင်ကျရောက်သော ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားများကို မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ရေးချောင်းဖျားဒေသ၊ ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းရွာ၊ ထားဝယ်ခရိုင်-ရေဖြူမြို့နယ်နှင့် သထုံခရိုင်-ကော့ကရိတ်မြို့နယ်အတွင်း စစ်ကြောင်းများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အလားတူ မွန်တော်လှန်ရေးစတင်လာခဲ့သော မွန်ပြည်သူ့တပ်ဦးလက်ထက်တွင်လည်းကောင်း၊ မွန်ပြည်သစ်ပါတီတိုက်ပွဲလာသည့် ကာလတလျှောက်တွင်လည်းကောင်း ယခုအချိန်အခါကဲ့သို့ အခြေအနေကောင်းများမရှိခဲ့ကြောင်း၊ တော်လှန်ရေးအဖွဲ့အစည်းများအတွက် အထူးအခွင့်ကောင်းပေါ်ပေါက်နေသည့်အချိန်တွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် မွန်တမျိုးသားလုံးတို့ လက်တွဲ၍ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် နှိုးဆော်လိုက်ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာပေးပို့သော သဝဏ်လွှာက ဖော်ပြသည်။
Photo; NMSP