ဘုရားသုံးဆူမြို့ရှိ ထိုင်း – မြန်မာနယ်စပ် မလွယ်ပေါက်များမှတဆင့် ယခင်က ကန့်သတ်ထားသော မီးဖိုချောင်သုံးပစ္စည်းများကို ယနေ့ ဩဂုတ်လ (၂၀) ရက်နေ့တွင် ထိုင်းဘက်သို့ ယူဆောင်ခွင့်ပြုလာကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မနက်ပိုင်းမှစတင်ကာ ဘုရားသုံးဆူမြို့ရှိ ကျောင်းဂိတ်ဘေးနားကအပေါက်၊ အိမ်ဘေးလမ်းအပေါက်အစရှိသည့် ထိုင်း – မြန်မာ မလွယ်ပေါက်ဂိတ်များမှတဆင့် အတက်အဆင်း လုပ်နေပြီဖြစ်ကြောင်း ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောကြားသည်။
“ထိုင်းဘက်ခြမ်းကိုသွားမယ့် ကော်ဖီမစ်အထုပ်တို့၊ ငရုတ်သီး ကြက်သွန်တို့ ဆန်တို့ မီးဖိုချောင်းသုံး ပစ္စည်းတွေကို ထိုင်းက ပြန်ဖွင့်ပေးတယ်။ နောက်ပြီး ငါးတို့၊ ရေထွက်ပစ္စည်းတို့ဆိုတာကို ဖွင့်ပေးတယ်ဆိုပေမယ့်မယ်လည်း ရက်ကြိုပြီးတော့ လာရတယ်ဆိုတော့ ဒီနေ့မှာတော့ မပါဝင်သေးဘူး၊ ဒါပေမယ့် ဒီမှာခံနေတဲ့ ကုန်တွေကိုတော့ ပေးတက်ပါတယ်။ နောက်ရက်တွေတော့ ဘယ်လိုလာမလဲ မသိသေးဘူး၊ ပြီးတော့ ထိုင်းဘက်အခြမ်းက ရှမ်းကုန်ဈေးမှာ တစ်ဆွဲတစ်ပိုးနဲ့ သွားရောင်းသူတွေကလည်း ပြန်ပြီး အသက်ရှုပြန်ချောင်သွားတယ်၊” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့ နယ်စပ်မလွယ်ပေါက်ဂိတ်များအား မြန်မာဘက်က ပြန်လည်ဖွင့်ပေးလိုက်သည့်အတွက် ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ ပြန်လည်အဆင်ပြေသွားကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကျောင်းတက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကြိုပို့ယာဉ်များလည်း အဆင်ပြေသွားပြီဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူနယ်စပ်တွင် ထိုင်းနိုင်ငံဘက်အခြမ်းမှ ထိုင်းဘက်မှဥပဒေအရ ကန့်သတ်ပိတ်ပင်မှုအမျိုးမျိုးပြုလုပ်လာသဖြင့် ပြီးခဲ့သည့်သြဂုတ် (၁၆) ရက်နေ့တွင် အပြန်အလှန်နယ်စပ်ဖြတ်ကျော်သွားလာခွင့်ကို မြန်မာဘက်က ပိတ်ခဲ့ပြီးနောက် နှစ်ဖက်အရာရှိများ ဆွေးနွေးခဲ့ကြရာမှ ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
ဘုရားသုံးဆူနယ်စပ်ဒေသ ပြန်လည်စည်ကားလာစေရန် ရည်ရွယ်၍ ထိုင်းစစ်တပ်အရာရှိကြီးများက ပြီးခဲ့သည့်အပတ်တွင် သောကြာနေ့စျေးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သကဲ့သို့ ဘုရားသုံးဆူမြို့တွင် ယခုအခါ တရုတ်နိုင်ငံသားများ အလုံးအရင်းဝင်ရောက်လာပြီး မြန်မာဘက်ခြမ်း၌ လောင်းကစားဝိုင်းများဖြင့် အထူးစည်ကားလာကြောင်း သိရသည်။
Photo; Social Media