ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ (အပြင်) ရှိ နေအိမ်ခြံဝင်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ (၁၉) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်အချိန်ခန့်က အဆိုပါ ဥတ္တံတားကျေးရွာ (အပြင်) တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ကို စစ်ကောင်စီတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ရပ်ကွက် (၆) ၊ ဘောဂဗလလမ်းရှိ ဦးပြည့်ဖြိုးအောင် ဆိုသူ၏ နေအိမ်ခြံဝင်းအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းခြံဝင်းအတွင်း ဆက်လက်စစ်ဆေးရှာဖွေမှုများလုပ်ဆောင်ရာမှ ဖောက်ခွဲရေးပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက “ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာက ဦးပြည့်ဖြိုးအောင်ရဲ့ နေအိမ်အနောက်ဘက်ကမ်းလျက်မှာရှိတဲ့ ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး စပါးသိုလှောင်တဲ့ ဂိုဒေါင်ထဲမှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ စပါးဂိုဒေါင်ကတော့ ပြိုကျပျက်စီးသွားတယ်။ အိမ်ရှင်ဖြစ်တဲ့ ဦးပြည့်ဖြိုးအောင် ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရတယ်” ဟု ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နေအိမ်ခြံဝင်းအတွင်း ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှ စပါးသိုလှောင်သည့် ဂိုဒေါင်အနီးဝန်းကျင်တွင် ကိုးလုံးကျည် ကျည်ခွံ (၂၀) ခု၊ ကျည်ခွံမျိုးစုံ (၃၀၀) ခု၊ မပေါက်ကွဲသေးသော ၄၀ – မမ ဗုံးသီး (၂) လုံး၊ ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် သံဘောစိရောရာ (၁) ပိဿာခန့် နှင့် သံဖြတ်စ (၂) ပိဿာခန့်၊ ဝရိန်ဆော်ရာတွင် အသုံးပြုသည့် ဝရိန်ချောင်း (၃၀) ချောင်း တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။