ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအား PDF ထံ ဆက်သွယ်သတင်းပေးမှုဖြင့် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွား ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်အား ပြီးခဲ့သည့် ဩဂုတ်လ (၁၆) ရက်နေ့ ည (၈) နာရီအချိန်ခန့်က ၎င်းနေထိုင်ရာ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးအိမ်ယာအတွင်းသို့ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက “လောလောဆယ် မြို့နယ်ရဲမှူးကို ကျိုက်ထိုအခြေစိုက် တပ်မ – ၄၄ ဌာနချုပ်မှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရတယ်” ဟု ပြောသည်။
အဆိုပါ ရဲမှူးဇော်ဇော် ဆိုသူမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ သတင်းပေးခြင်း၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း စသည့်အချက်များကြောင့် ဖမ်းဆီးစစ်ဆေးခံနေရခြင်းဖြစ်သည်ဟု စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောဆိုနေသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၁၆) ရက်နေ့ကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ပြည်သူရစိုး အား စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် နှစ်ရက်အကြာ ဩဂုတ်လ (၁၈) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်ကို စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် မေလ (၅) ရက်နေ့ကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်း စိုးရာဇာ၊ နယ်ထိန်း ဝဏ္ဏထွန်း နှင့် ယာဉ်ထိန်းရဲတပ်ကြပ် အောင်နိုင်ဦး တို့ (၃) ဦးမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့များထံ သတင်းများပေးပို့မှုဖြင့် စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နိုင်ငံရေးသတင်း
ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး
#PDFဆက်သွယ်သတင်းပေး