ဘုံရန်သူ အာဏာရှင်စစ်တပ်အား စုစည်းတော်လှန်ကြရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP – AD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စသည့် မွန်တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့က သြဂုတ်လ (၁၉) ရက် နေ့စွဲဖြင် ကြေညာချက်ထုတ်ပြန်လိုက်သည်။
မွန်တို့လိုလားသော အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အစရှိသော အခွင့်အရေးများ လက်လွတ်ဆုံးရှုံးနေဆဲပင်ဖြစ်ကြောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တိုက်ဖျက်နိုင်မှသာလျှင် မွန်တို့လက်လွတ်ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ မင်းအောင်လှိုင်၏ အာဏာရှင်စစ်တပ်သည် မွန်တစ်မျိုးသားလုံး၏ ဘုံရန်သူ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
မွန်တစ်မျိုးသားလုံး၏ ဘုံရန်သူအား တစ်မျိုးသားလုံးအင်အားစုအသွင်ဖြင့် စုစည်းတော်လှန်ရန် လိုအပ်သကဲ့သို့၊ ဘုံရန်သူစစ်အာဏာရှင်အား တိုက်ပွဲဝင်နေသော မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များအားလုံး စုစည်းတိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ထောက်ပြထားသည်။
မွန်တို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောရေးနှင့် တိုင်းရင်းသားပြည်သူလူထုများအား စိတ်ရောကိုယ်ပါ အမျိုးမျိုးအဖုံဖုံ အခါမလပ် ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းရန်အတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP – AD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နှင့်အတူ အခြားမွန်နှင့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရောက် မွန်လူငယ်များနှင့် မွန်ပြည်သူပြည်သားများအားလုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန်တက်ညီလက်ညီ တိုက်ပွဲဝင်ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း (၇၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အား ဂုဏ်ပြုရင်း မွန်တော်လှန်ရေးရေးနေ့ ပူးတွဲ ထုတ်ပြန်ကြေငြာချက်ကို ထုတ်ပြန်လိုက်သည်ဟု ရေးသားဖော်ပြသည်။
Photo, Social Media