မြန်မာဘက်က နှစ်ရက်ကြာ တဖက်သပ် ပိတ်ထားခဲ့သော ဘုရားသုံးဆူမြို့ရှိ ထိုင်း – မြန်မာနယ်စပ် ဝင်ထွက်ပေါက်များအား ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်စေဖို့နှင့် စျေးသည်စျေးဝယ်အဆင်ပြေစေရန်၊ မြန်မာလုပ်သမားများ အလုပ်ပြန်ဝင်နိုင်ရန် ဘုရားသုံးဆူဒေသရှိ ထိုင်းနှင့်မြန်မာကိုယ်စားလှယ်များ ယမန်နေ့ညနေပိုင်းတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အဆင်ပြေမှုရှိကြောင်း သိရသည်။
သို့ရာတွင် ဘုရားသုံးဆူနယ်စပ်ကို ဩဂုတ်လ (၁၆) ရက်နေ့က နှစ်ရက်ကြာ ပိတ်လိုက်ရသည့်အကြောင်းကိစ္စကိုမူ အများသိရှိရန် ထုတ်ပြန်အသိပေးခြင်း မရှိခဲ့ပေ။
ယခုအခါ မလွယ်ပေါက်နေရာအားလုံးမှ လူအများ အတက်အဆင်း သွားလာနိုင်သောကြောင့် မြန်မာအလုပ်သမားများနှင့် စျေးသည်တို့က နှစ်နိုင်ငံ နယ်နိမိတ်ကို ကျော်ခွဖြတ်ကျော်သွားလာနိုင်ကြပြီ ဖြစ်သည်။
သို့ရာတွင် နှစ်နိုင်ငံတရားဝင်ဖြတ်ကျော်ဂိတ်ဖြစ်သော ချက်ပွိုင့်နေရာအား မူလအတိုင်း ဆက်လက်ပိတ်ထားမြဲဖြစ်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်တင်သွင်းပို့ဆောင်နေကြသည့် ကုန်စည်များမှာ သတ်မှတ်ပေးထားသော ဘေးမလွယ်ပေါက်နေရာများမှ ဖြတ်သန်းသွားလာနေကြသည်ကို တွေ့ရသည်။
လက်ရှိအနေအထားအရ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် DKBA တပ်ဖွဲ့များက ဘုရားသုံးဆူမြို့ လုံခြုံရေးတာဝန်ကို ဆောင်ရွက်နေပြီး ကုန်စည်ဖြတ်သန်းသွားလာမှုကို စီမံကွပ်ကဲနေကြောင်း မြေပြင်အနေအထားတွင် တွေ့ရှိနေရသည်။
Photo; ThaiPost