ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF သတင်းပေးဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၆) ရက်နေ့ ည (၇) နာရီအချိန်ခန့်က ကျိုက်ထိုမြို့မ ရဲစခန်းမှ ရဲအုပ်ပြည်သူရစိုး ဆိုသူမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ယင်းကျိုက်ထိုမြို့မရဲစခန်းဝင်းအတွင်းရှိ ၎င်း၏နေအိမ်မှာပင် စစ်ကောင်စီတပ်အင်အား (၃၀) ခန့် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“သူ (ရဲအုပ်ပြည်သူရစိုး) က PDF တွေကို သတင်းပေးတယ်။ ဖရဲသီးလုပ်တယ်ဆိုပြီး ဝင်ဖမ်းသွားတာ။ လောလောဆယ် တပ်မ – ၄၄ ဌာနချုပ်မှာရှိတဲ့ စစ်ကြောရေးကို ပို့ထားတယ်လို့ ကြားသိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မေလ (၅) ရက်နေ့ကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး နှင့် ယာဉ်ထိန်းရဲ နှစ်ဦးတို့အား PDF အဖွဲ့များထံ သတင်းပေးသည်ဟုဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။