မြန်မာနိုင်ငံ ယခင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယမန်နေ့တွင် သွားရောက်တွေ့ဆုံစဥ်တွင် ၄င်းသည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း ဖြစ်ကြောင်း ဝမ်ရိက ချီးကျူးပြောကြားလိုက်သည်။
ဆင်ဟွာသတင်းဖော်ပြချက်အရ ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား ဦးသန်းရွှေကို ပြောကြားခဲ့ကြောင်း၊ ဝမ်ရိက အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ရေရှည်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံက အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နိုင်ငံတကာ အပြောင်းအလဲများ၏စမ်းသပ်မှုကို ဖြတ်သန်းရာတွင် ပို၍ ခိုင်မာခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အိမ်နီးချင်းသံတမန် ဆက်ဆံရေး၏ အရေးကြီးသည့်နေရာတွင် အစဉ်အမြဲ ထားရှိကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးပြီး လက်တွေ့အကျိုးရလဒ်များ ပိုမိုရရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဝမ်ရိက မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ တစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်းရေးကို နိုင်ငံရေးအရ ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပရန်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်း ပြောကြားခဲ့သည်။
နေပြည်တော်သို့ ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပြီးနောက် ဦးသန်းရွှေအား သွားရောက်တွေ့ဆုံခြင်း ဖြစ်သည်။
Photo- ဆင်ဟွာသတင်း