မျောက်ကျောက် Mpox ရောဂါ မျိုးကွဲသစ် အလျင်အမြန် ပျံ့ပွားလာနေသည်ကို စိုးရိမ်ရသည့်အတွက် အရေးပေါ် ကုသရမည့် ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သြဂုတ် ၁၄ ရက်နေ့က ကြေညာလိုက်သည်။
Mpox ဗိုင်းရပ်စ်ပိုးအသစ်တစ်မျိုးသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နှင့် အာဖရိက အလယ်ပိုင်း အနီးတစ်ဝိုက်တွင် ပျံ့နှံ့နေကြောင်း၊ ၂၀၂၄ တနှစ်တည်းမှာပင် ရောဂါပိုးကူးစက်ခံရသူနှင့် ကူးစက်ခံသံသယရှိသူ တသောင်းခွဲကျော်လာသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာလိုက်ရခြင်းဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tedros Adhanom Ghebreyesus က ပြောကြားသည်။
” DRC အရှေ့ပိုင်းမှာ mpox အလျင်အမြန်ပျံ့နှံ့မှု၊ ယခင်က mpox မရှိခဲ့ဘူးတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ရှာဖွေတွေ့ရှိမှု၊ အာဖရိကနဲ့ ဒေသအနှံ့အပြားမှာ ပျံ့နှံ့နေတာဟာ အလွန်စိုးရိမ်စရာဖြစ်တယ်” ဟု ၄င်းက ဆိုသည်။
အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန၏အဆိုအရ ယခင်က ရောဂါဖြစ်ပွားမှုမရှိသေးသည့် နိုင်ငံပေါင်း ၁၃ ခုတွင် လူ ၁၇၅၀၀ ကျော် mpox ဖြစ်ပွားခဲ့သည့်အနက် လူ ၅၂၄ သေဆုံးခဲ့ကြောင်း၊ ရောဂါအများစုသည် DRC နိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး အမျိုးသမီးများနှင့် အသက် ၁၅ နှစ်အောက် ကလေးများ၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
mpox ရောဂါလက္ခဏာကို ရင်ဘတ်၊ မျိုးပွားအင်္ဂါ၊ ခြေ၊ လက်များတွင် တွေ့ရပြီး ဖျားနာသည်နှင့်တပြိုင်နက် ကြွက်သားနာကျင်တဲ့ဝေဒနာတွေ ခံစားရလေ့ရှိကြောင်း၊ ပိုးကူးစက်ခံရသူ ၁၀ ရာခိုင်နှုန်းအထက် အသက်အန္တရာယ်ဆုံးရှုံးကြရကြောင်း သုတေသနအချက်အလက်များက ဖော်ပြသည်။
လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း ယခုထက် အနည်းငယ်အားပျော့သည့် mpox ရောဂါပိုး ဗိုင်းရပ်ကူးစက်မှုကို WHO က ကျန်းမာရေးအရေးပေါ် အခြေအနေ တစ်ကြိမ်ကြေညာခဲ့ရပြီးနောက် အခုအကြိမ် ပိုးအမျိုးအစားမှာ ပိုပြီး စိုးရိမ်စရာကောင်းသော ဗိုင်ရပ်စ်အပြင်းစားဖြစ်ကြောင်း သိရသည်။
Ref; New York Times
Photo; Social Media